သတင်းတို

လားရှိုး-မူဆယ် လမ်းကြောင်းဖျက်ဆီးသူများကို အမြစ်ပြတ်ရှင်းရန် တပ်ချုပ်ပြော

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းအား လုံခြုံမှုအပြည်အဝ ရရှိရန် အတွက် ပိတ်ဆို့ဟန့်တားမှု၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် တံတားများ ဖောက်ခွဲဖျက်ဆီးသူများကို အမြစ်ပြတ်ချေမှုန်းရန် ဒီဇင်ဘာ ၇ ရက်နေ့က မှာကြားထားကြောင်း သိရသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုဝင်ဘာလ တတိယပတ်က စတင်ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ရှင်းပြ အပြီးမှာ တပ်ချုပ်က ယင်းသို့ ပြောဆိုသွားခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ပြောဆိုရာတွင် ပြည်ထောင်စုလမ်းမကြီး လုံခြုံမှုရှိရန် ဆောင်ရွက်ရာတွင် ကားလမ်းပေါ်၌ အရပ်ဝတ်ဖြင့် အရပ်သား အသွင်ယူပြီး လမ်းကြောင်းပိတ်ဆို့ခြင်း၊ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်သူများကို နယ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆုတ်ခွာသွားသည့် လက်နက်ကိုင် အဖွဲ့များအား အမြစ်ပြတ်လိုက်လံ ချေမှုန်းရန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ပန်ဆိုင်းနှင့် ကွတ်ခိုင်မြို့နယ်များတွင် ယခုလ ၂၀ ရက်နေ့ မနက်ပိုင်းက စပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ဟု ခေါ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

မဟာမိတ် အင်အားစုက တပ်မတော်စခန်း၊ ရဲစခန်း တချို့နှင့် နယ်စပ် ကုန်သွယ်ရေးဇုန် တို့ကို ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သကဲ့သို့ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင်ရှိသော တံတားတချို့ကိုလည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် အပြစ်မဲ့ အရပ်သားများ သေဆုံးခဲ့ရသလို နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မူဆယ်-လားရှိုး လမ်းကြောင်းလည်း ပြတ်တောက် သွားခဲ့ရသည်။

Loading