ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည်ပြင်ဆင် ရေးဆွဲမည်ဖြစ်ကြောင်းနှင့် စည်ပင်သာယာရေး ကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် ဌာန ၂၃ ခုကို ပြန်လည်ပြုပြင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
ဒေါ်နော်ပန်းသဉ္ဇာမျိုးက “ဒါက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်ပါ။ ဒီဇင်ဘာ ၁ ရက် စင်ကာပူကိုသွားခဲ့တဲ့ ခရီးစဉ်အပြန်မှာ ဖြစ်လာတဲ့ ညွှန်ကြားချက်တရပ် ဖြစ်တယ်” ဟု ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ရှိ Royal Garden ဟိုတယ်၌ ပြုလုပ်သည့် တာဝန်သိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဖိုရမ်တွင် ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၏ ၁၉၂၂ ခုနှစ် စည်ပင်သာယာ အက်ဥပဒေကို မကြာမီကာလအတွင်း အသစ်ပြန်လည် ရေးဆွဲမည်ဖြစ်ပြီး၊ ထိုသို့ရေးဆွဲရာတွင် စင်ကာပူအစိုးရ၏ အကူအညီဖြင့် ပညာရှင်များပါဝင်၍ လာမည့်ဖေဖော်ဝါရီလ၌ စတင်ပြင်ဆင်မည်ဟု ၎င်းက ဆက်ပြောသည်။
စည်ပင်သာယာရေး ဥပဒေ၊ နည်းဥပဒေများနှင့် ဖွဲ့စည်းထားသည့် ဌာနများကို ပြန်လည်ပြင်ဆင်မှုပြုပါက ဟိုတယ်ခရီးလုပ်ငန်းနှင့် စည်ပင်အကြား လိုင်စင်ထုတ်ပေးသည့် ကိစ္စရပ်များ၊ ယာဉ်ကြောကြပ်တည်းမှု ပြဿနာများ အပါအဝင် ကဏ္ဍပေါင်းစုံ၌ ပြောင်းလဲမှုများ ဖြစ်လာနိုင်မည်ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။