ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို မဟုတ်မမှန် ဖြည့်စွက် ရေးသားထားသည့် ဗီဒီယိုကို ကိုးကား၍ သတင်းမှား ဖော်ပြခဲ့သည့် The Independent သတင်းစာအား ဥပဒေကြောင်း အရတုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။
The Independent သတင်းစာ၏ Online စာမျက်နှာဖြစ်သည့် http://theindependent.sg တွင် ဒီဇင်ဘာလ ၅ ရက်နေ့က Aung San Suu Kyi laughs out loud at Rohingya genocide allegations while in Singapore ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် သတင်းမှာ မဟုတ်မမှန် သတင်းမှားများကို အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲတွင် မြန်မာဘာသာစကားဖြင့် အပြန်အလှန်ပြောကြားခဲ့ခြင်းဖြစ်သော်လည်း ထိုသတင်း၌ ကိုးကားသည့် ဗီဒီယိုဖိုင်မှာ Haikal Mansor အမည်ရှိ မြန်မာနိုင်ငံအပေါ် အစဉ်အမြဲမဟုတ်မမှန်တိုက်ခိုက်နေသည့် ဝါဒဖြန့်ချိရေး Accountတခုမှ အင်္ဂလိပ်ဘာသာဖြင့် မဟုတ်မမှန်စာတန်းများ ရေးထိုးကာ တင်ထားသည့် ဗီဒီယိုဖိုင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများနှင့် တာဝန်သိ သတင်းထောက်များက မှားယွင်နေကြောင်း ထောက်ပြသော်လည်း The Independent သတင်းစာအနေဖြင့် တာဝန်သိ မီဒီယာပီသစွာဖြင့် ပြင်ဆင်ဖော်ပြခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။
The independent သတင်းစာ၏ သတင်းမှားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာအစိုးရတာဝန်ရှိ သူ များမှ ဥပဒေကြောင်းအပါအဝင် စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လေ့လာ၍ တုံပြန်မှု ပြုလုပ်မည်ဟု ဖော်ပြထားသည်။
မနေ့ကလည်း မမှန်သတင်းဓာတ်ပုံဖော်ပြခဲ့သည့် ဗြိတိန်အခြေစိုက် Daily Mail သတင်းစာကြီးကို လည်း တရားဥပဒေကြောင်းအရ အရေးယူရန် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ခဲ့သေးသည်။