အိုင်တီနှင့် ဆော့ဖ်ဝဲလ်ကဏ္ဍတွင် အသက် ၂၀ မှ ၃၀ အရွယ်လူငယ်အများစု၏ အလုပ်အကိုင် လျှောက်ထားမှုများ ပိုမိုအားကောင်းလာကြောင်း Work.com.mm မှ အချက်အလက်များအရ သိရသည်။
Work.com.mm မှ လေ့လာတွေ့ရှိချက်အရ အဆိုပါ အသက်အရွယ်အတွင်း လူငယ်များက အိုင်တီနှင့် ဆော့ဖ်ဝဲလ်ကဏ္ဍရှိ အလုပ်အကိုင်များသို့ အလုပ်လျှောက်ထားသူ ၅၁ ဒသမ ၀၅ ရာခိုင်နှုန်း ရှိရာ အဆိုပါ အရေအတွက်မှာ၂၀၁၆ ခုနှစ်အတွင်း အလုပ်ရှာဖွေသူ စုစုပေါင်း၏ထက်ဝက်ကျော် ရာခိုင်နှုန်းရှိနေသည်။
ဘလော့ဂါတဦးဖြစ်ပြီး နည်းပညာပိုင်းတွင် အဓိကလုပ်ဆောင်ခဲ့သော လက်ရှိ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “နည်းပညာ ပစ္စည်းအသစ်အဆန်းတွေကလည်း ပိုဝင်လာတယ်။ နည်း ပညာတွေ ပြောင်းလဲလာတာကို လူငယ်တွေကိုယ်တိုင်က ထိတွေ့ရတယ်။ အဲဒီအတွက် မဖြစ်မနေ လိုက်ပါပြီး စိတ်ဝင်စားလာကြတယ်လို့ ထင်ပါတယ်” ဟု သုံးသပ်သည်။
Work.com.mm ၏ အလုပ်အကိုင် စစ်တမ်းစာရင်းဇယားများအရ အင်ဂျင်နီယာလုပ်ငန်းနှင့် ပတ်သက်သည့် အလုပ် အကိုင်များ၊ စာရင်းအင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုအပိုင်း၊ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကလည်း လူငယ် အများစု စိတ်ဝင်စားမှုရှိသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။
Customer support, Logistics, Project Management, Design, Education/Training ကဏ္ဍများတွင်လူငယ်များ လျှောက်ထားမှုမှာ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၊ ဘာသာပြန်လုပ်ငန်းများ၊ စာရေးသားတည်းဖြတ်ခြင်းလုပ်ငန်းများတွင် ၁ ရာခိုင်နှုန်း မပြည့်ကြောင်း သိရသည်။
Work.com.mm သည် အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ဝက်ဘ်ဆိုက် ဖြစ်ပြီး မြန်မာ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံအပါအဝင် အာရှနှင့် အာဖရိကရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေသည့် Everjobs ကုမ္ပဏီ၏ မိသားစုဝင်ုလပ်ငန်းဖြစ်သည်။