ရှမ်းပြည်နယ် မြောက်ပိုင်း ပဋိပက္ခများနှင့် ပတ်သတ်ပြီး ရှမ်းပြည်နယ်လွှတ်တော်တွင် မြောက်ပိုင်း မဟာမိတ်များ ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ် ရန် အဆိုပြုချက် အောင်မြင်သွားသည့် ကိစ္စရပ်ကို ပြန်လည် ပြင်ဆင်ပေးရန် ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က တောင်းဆိုကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်လိုက်သည်။
UWSA က ဒီဇင်ဘာလ ၁၂ရက် ၊ ရက်စွဲဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပလောင် (တအာင်း ) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို အကြမ်းဖက် အဖွဲ့များအဖြစ် သတ်မှတ်ခြင်းကိစ္စရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
UWSA က ရှမ်းပြည်နယ်လွှတ်တော်တွင် လက်ရှိ လွှတ်တော်အမတ်နေရာ ၁၅ နေရာ လစ်လပ်နေပြီး အဆိုပါ အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် အဆိုပြုချက်ကို ထောက်ခံမဲ ၆၄ မဲ၊ ကန့်ကွက်မဲ ၄၅ မဲ ၊ ကြားနေမဲ ၇ မဲ တို့ဖြင့် အဆိုပြုချက် အတည်ဖြစ်ပွားသည့် ကိစ္စမှာ ပြည်ထောင်စုစနစ်တခုလုံးကို ရှုပ်ထွေး သွားစေနိုင်သဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။
ထိုအဆိုပြုချက် အောင်မြင်သွားသည့် ကိစ္စရပ်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးအပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသဖြင့် ရှမ်းပြည်နယ် လွှတ်တော်က ပြန်လည် ပြင်ဆင်ပေးရန် လေးနက်စွာ တောင်းဆိုထားသည်။
ယခုကိစ္စရပ်မှာ ပြည်ထောင်စုအတွက် အကျိုးမရှိပဲ တပ်မတော်နှင့် USDP ၏ အကျိုးစီးပွားများကြောင့် အာဃာတများ ထားပြီး ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြန်လည် မပြင်ဆင်ပါက ရေရှည်ပြည်တွင်းစစ်များ ဖြစ်ပွားနိုင်ကြောင်းလည်း UWSA က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ဒီဇင်ဘာလ ၆ ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ လားရှိုးမဲဆန္ဒနယ် အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူက KIA ၊ TNLA နှင့် MNDAA တို့မှာ ပြည်သူများကို တိုက်ခိုက်သဖြင့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ဒီဇင်ဘာလ ၇ ရက်က ယင်းအဆို အောင်မြင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် ဆွေးနွေးစဉ်က ရက္ခိုင့်တပ်မတော် (AA) ကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါ။