သတင်းတို

ဒစ်ဂျစ်တယ် နည်းပညာများ အသုံးပြုခြင်းက ကုမ္ပဏီများအတွက် အထောက်အပံ့ဖြစ်လာ

ဒစ်ဂျစ်တယ်နည်းပညာများဖြင့် ရုံးလုပ်ငန်းများ ပြောင်းလဲလုပ်ဆောင်ခြင်းက ကုမ္ပဏီများအတွက် များစွာ အထောက်အပံ့ ဖြစ်လာကြောင်း Work.com.mm မှ ကုမ္ပဏီ အများစုကို မေးမြန်းထားချက်အရ သိရှိရသည်။

နည်းပညာများဖြင့် ရုံးတွင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဝန်ထမ်းများ အချင်းချင်း ချိတ်ဆက် ဆက်သွယ်ခြင်းနှင့် ဝန်ထမ်းရှာဖွေခြင်းများတွင် အသုံးပြုခြင်းဖြင့် လုပ်ငန်းတွင်ကျယ် မြန်ဆန်ခြင်း ဖြစ်လာစေကြောင်း သိရသည်။

MySQUAR မိုဘိုင်းအယ်ပလီကေးရှင်း ကုမ္ပဏီ၏ Business Development Director ဖြစ်သူ Nikola Tun က “နိုင်ငံက တပြေးညီ တိုးတက်လာပြီဆိုရင်တော့ နည်းပညာ ပလက်ဖောင်းပေါ်ကနေ သွားတာက ပိုပြီး လျင်မြန်မှာပါ” ဟု ပြောသည်။

ရုံးတွင်းလုပ်ငန်းများ ဖြစ်သည့် လစာပေးခြင်း၊ ခွင့်တိုင်ခြင်းစသည့် လုပ်ငန်းများတွင် ယခင်က စာရေးသားဆောင်ရွက်ခြင်း၊ ငွေစက္ကူများဖြင့် လစာပေးခြင်းကို အသုံးများခဲ့ကြသော်လည်း လက်ရှိတွင် ကုမ္ပဏီအများစုက ဘဏ်များနှင့် ချိတ်ဆက်ကာ ကတ်စနစ်ဖြင့် လစာပေးခြင်းကို တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်သည်။

ယခင်က ဝန်ထမ်းများ ခေါ်ယူရန် ဂျာနယ်၊ သတင်းစာများကို အသုံးပြုခဲ့ရပြီး လက်ရှိတွင် နည်းပညာစနစ်များဖြစ်သည့် ဝက်ဘ်ဆိုက်များ၊ ဖေ့စ်ဘွတ်နှင့် အွန်လိုင်း အလုပ်အကိုင် ရှာဖွေရေး ဆိုက်များတွင် ဝန်ထမ်းခေါ်ယူခြင်းက လူအများစု ပိုမိုသိ၍ လာရောက်လျှောက်ထားသည့် ဝန်ထမ်း အရေအတွက်မှာ ယခင်ထက် ပိုမို များပြားလာကြောင်း ကုမ္ပဏီများက ပြောဆိုကြသည်။

ကုမ္ပဏီများ၏ လုပ်ငန်းလိုအပ်ချက်အရ ဝန်ထမ်းခေါ်ယူမှု အပိုင်းများတွင် နည်းပညာပေါ်မှ တဆင့် ကြေညာ၍ ခေါ်ယူခြင်း က ပိုမိုအဆင်ပြေသည့် အခြေအနေ တခု ဖြစ်လာကြောင်း သုံးသပ်ကြသည်။

Loading