လာဘ်ပေး လာဘ်ယူမှုများ အပါအဝင် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ ဖောက်ဖျက်သည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန(လဝက) မှ ဝန်ထမ်း ၄၀ ကျော်ကို အရေးယူ ဆောင်ရွက်မှု ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းများကို သတိပေးခြင်း၊ နေရာ ပြောင်းရွှေ့ခြင်း၊ ရာထူးမှ ထုတ်ပယ်ခြင်းနှင့် ထောင်ဒဏ် ချမှတ်ခြင်းတို့ကို အစိုးရသစ် လက်ထက်တွင် ဆောင်ရွက်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် ဝန်ကြီး ဦးသိန်းဆွေက မီဒီယာများသို့ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
အရေးယူခံရသည့် ဝန်ထမ်း ၄၀ ကျော်သည် တိုင်ကြားခံရခြင်း၊ စုံးစမ်း စစ်ဆေး၍ သိရခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် တချို့၏ လွှတ်တော်တွင် တင်ပြဆွေးနွေးချက်များအရ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများကို ပူးပေါင်းဆောင်ရွက် ရန်၊ ပြည်သူများကို ဝန်ဆောင်မှုပေးရန် စည်းရုံးသကဲ့သို့ မလိုက်နာသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
“လဝက ဝန်ထမ်းတချို့ ပိုက်ဆံယူတယ်ဆိုတာ ဒါမှန်နိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဝန်ကြီးဌာနအနေနဲ့လည်း ၆ လတာ ကာလအတွင်း လူ ၄၀ လောက်ကို အရေးယူခဲ့ပါတယ်။ ဝန်ထမ်းထဲမှာလည်း တချို့ အားနည်းတဲ့ ဝန်ထမ်းတွေ မသင့် မမြတ် ဆောင်ရွက်တာ လာဘ်ပေး လာဘ်ယူ လုပ်တာ။ ပညာပြထားတာတွေ ရှိနိုင်ပါတယ်။ ရှိလည်း ရှိနေတယ်လို့ ယုံတယ်” ဟု ၎င်းက ပြောဆိုသည်။
နိုဝင်ဘာ လကုန်ုပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးနှင့် တောင်ဒဂုံ လဝက ရုံးကို M – 150 အချိုရည် ပုလင်းဖြင့် ဖောက်ခွဲ ခံရခဲ့ခြင်းနှင့် ပတ်သက်၍ လည်း ဖောက်ခွဲခဲ့သူသည် လဝက ဌာန သို့ ပိုက်ဆံပေးသော်လည်း မှတ်ပုံတင် မရသဖြင့် လုပ်ဆောင်ခဲ့သည်ဟု ထွက်ဆိုခဲ့ မှု အပေါ် ဝန်ကြီးဌာနက စိစစ်နေသော်လည်း အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ဝန်ကြီး ဦးသိန်းဆွေက ထည့်သွင်း ပြောကြားသည်။
“ဒီထက်ပိုပြီးတော့ နက်ရှိုင်းတဲ့ ပြဿနာတွေလည်း ရှိနေတယ်။ ပြည်ထဲရေးက စုံစမ်း စစ်ဆေးရေး ကာလပဲ ရှိသေးတယ်။ ဒီလူတွေက ဒီကိစ္စတွေကြောင့်ဆိုပြီး အရပ်သတင်းတွေပဲ ရှိတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူတို့ရဲ့ နောက်မှာ ဘာတွေ ရှိနေလဲဆိုတာ ထုတ်ပြန်ပါလိမ့်မယ်။ ထုတ်ပြန်တဲ့အခါကျမှပဲ တိတိကျကျ သိပါလိမ့်မယ်”ဟုလည်း ဦးသိန်းဆွေ က ပြော သည်။
အရေးယူခံရသည့် လဝက ဝန်ထမ်းများသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်း ပြည်နယ်တို့မှ ဖြစ်ကြောင်း သိရသည်။