ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ပိုင် နားဆော့ရွာနှင့် စံလောင်းရွာ အကြားရှိ တံတားအနီး၌ ဒီဇင်ဘာလ ၁၄ ရက် ညနေ ၆ နာရီ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားရာ လူ၂ ဦး သေဆုံးကြောင်း သိရသည်။
သိန္နီမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက “လားရှိုးနဲ့ သိန္နီကြားမှာ ပေါက်ကွဲတာပါ၊ တယောက်ကတော့ အရပ်သားပါ၊ တယောက်ကတော့ သိန္နီမြို့နယ်က တပ်မတော်သားတဦး ဖြစ်တယ်။ တပ်မတော်ယာဉ်တန်းကို ဖောက်ခွဲ တိုက်ခိုက်တဲ့ သဘောပါ” ဟု ဧရာဝတီကို ပြောသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် တပ်မတော်သားသည် သိန္နီမြို့နယ်ရှိ၊ ခြေမြန်တပ်ရင်း (ခမရ -၂၄၀ ) မှ ဗိုလ်ကြီး အဆင့်ရှိသူတဦးဟု ထိုတာဝန်ကျရဲအရာရှိက ဆက်ပြောသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ အင်တာနက် စာမျက်နှာ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA ) နှင့် ပလောင် (တအာင်း ) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA ) တို့က တပ်မတော်ယာဉ်တန်းအား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။