သတင်းတို

မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်း ကားပိတ်ဆို့မှုဆိုးရွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းကြောင်းကြီးဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး၏ ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့အကြား လမ်းပိုင်းတွင် ကုန်ကားကြီးများ အဝင်အထွက်များသဖြင့် ကားလမ်းပိတ်ဆို့မှု ဆိုးရွားစွာ ဖြစ်ပေါ်နေလျှက်ရှိသည်။

ကွတ်ခိုင်နှင့် မူဆယ်မြို့အကြား ယခင်က ကားလေးဖြင့် သွားလျှင် ၄ နာရီခန့်သာကြာမြင့်သော်လည်း လက်ရှိအချိန်တွင် ကားများ ပိတ်ဆို့နေသဖြင့် ထိုနှစ်မြို့အကြား နာရီပေါင်း ၂၀ ခန့်ကြာမြင့်အောင်မောင်းနှင်နေရသည်။ အချို့ဆိုလျှင် လမ်းတွင်ပင် တညအိပ်ကြရသည့် အခြေအနေပင်ဖြစ်နေသည်။

ထိုသို့ ကားလမ်းပိတ်ဆို့မှုကြောင့် ယင်းလမ်းပိုင်းအတွင်း ကုန်ကားကြီးများမှာ ၃-၄ ညအိပ်ပင် မောင်းနှင်နေကြရသည်။ ထို့ကြောင့် ရေထွက်ကုန်များနှင့် အခြားသော ပုတ်-သိုး ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လမ်းပိုင်းတွင် ယခုနှစ် နိုဝင်ဘာလ တတိယပတ်က မြန်မာပြည်မြောက်ပိုင်းမဟာမိတ်အဖွဲ့ (Northern Alliance – Burma) အဖွဲ့က စစ်ဆင်ရေးပြုလုပ်ခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးပြတ်တောက်မှုဖြစ်ခဲ့ပြီး လမ်းကြောင်းပြန်လည် ပွင့်လာပြီးနောက် ကုန်ကားများ အဝင်အထွက်များသဖြင့် အဓိက ပိတ်ဆို့ နေရခြင်းဖြစ်ကြောင်း ယာဉ်မောင်းများက ပြောသည်။

ထိုလမ်းပိုင်းပြန်ပွင့်လာပြီးနောက် ဆက်တိုက်ဆိုသကဲ့သို့ လမ်းကြောင်းပိတ်ဆို့မှုဖြစ်နေရသည့် အကြောင်းရင်းထဲတွင် ကုန်ကား အဝင်အထွက် များပြားခြင်းအပြင် လမ်းကျဉ်းမှု၊ ယာဉ်ထိန်းရဲများ၏ လမ်းရှင်းထုတ်မှု အားနည်းချက်များလည်း ပါဝင်သည်ဟု ဆိုကြသည်။

Loading