အင်ဒိုနီးရှားစစ်ဖက်လေယာဉ်ပျက်ကျ၊ ၁၃ဦးသေဆုံး
အင်ဒိုနီးရှားလေတပ်မှ ဟာကျူလီအမျိုးအစား C -130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစီးဟာ ရာသီဥတုဆိုးရွားတဲ့အတွက် ပါပူဝါကျွန်းအရှေ့ဘက်မှာ ပျက်ကျသွားရာ၊ လေယာဉ်ပေါ်ပါ လူ ၁၃ဦးသေဆုံးသွားတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီလေယာဉ်ဟာ အစားအသောက်နဲ့ ဘိလပ်မြေ ၁၂တန်ကို သယ်ဆောင် ကာ တီမီကာမြို့မှ ၁၂၅မိုင် ခန့် ဝေးတဲ့ ဝါမီနာ မြိုသို့ ပျံသန်းစဉ် ဆင်းသက်ရန် မိနစ်အနည်းငယ် အလိုမှာ ပျက်ကျသွားခြင်းဖြစ် တယ်လို့ အင်ဒိုနီးရှားလေတပ်အကြီးအကဲ Agus Supriatna ကဆိုပါတယ်။
လေယာဉ်ပေါ်မှာ လေယာဉ်အမှုထမ်း ၃ဦးနဲ့ ခရီးသည် ၁၀ဦးပါရှိပါတယ်။
ဝါမီနာမြို့ဟာ တောင်ထူထပ်တဲ့မြို့ဖြစ်ပြီး ရာသီဥတုဆိုးရွားသလို မြို့ပေါ်မှာလည်း တိမ်ထူထပ်နေ တယ်လို့သိပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းကလည်း ဟာကျူလီအမျိုးအစား အင်ဒိုနီးရှားလေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး မီဒန်မြို့မှာ ပျက်ကျရာ လေယာဉ်ပါ စစ်ဘက်ဆိုင်ရာအရာရှိများ၊ မိသားစုများနှင့် ခရီးသည် စုစုပေါင်း ၁၄၀ကျော်သေဆုံးခဲ့ပါတယ်။