သတင်းတို

တူရကီဆိုင်ရာ ရုရှားသံအမတ် အန်ကာရာမှာ ပစ်သတ်ခံရ

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်ဒရေ ကားလော့ဗ်ဟာ အန်ကာရာမြို့က ဓာတ်ပုံပြပွဲတခုမှာ အဖွင့် မိန့်ခွန်း ပြောနေစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ပစ်ခတ်သူဟာ အသက် ၂၂နှစ်အရွယ်ရှိ တူရကီ ရဲအရာရှိတဦးဖြစ်တယ်လို့ သိရပြီး၊ ပစ်ခတ်စဉ်မှ အာရပ်ဘာသာစကားနဲ့ ဘုရားသခင်ဟာ ကြီးမြတ်တယ်လို့ အော်ကာ ပစ်ခတ်ခြင်းဖြစ်ပါတယ်။

ဒါအပြင် အလက်ပ်ပိုအရေးမမေ့ကြနဲ့၊ ဆီးရီးယား အရေးမမေ့ကြနဲ့လို့လည်း အော်ဟစ်ကာ ပစ်ခတ်ခြင်းဖြစ် ကြောင်း အခမ်းအနားကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာဖော်ပြနေပါတယ်။
သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် တခြားသော လူ ၃ဦးခန့်လည်း ဒဏ်ရာရရှိသွားပြီး၊ အကြမ်းဖက်သမားကို တော့ တူရကီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရုရှား စုံစမ်းရေးအဖွဲ့ တူရကီကို ဒီကနေ့ သွားမှာဖြစ်ပြီး၊ တူရကီနဲ့ ရုရှားအကြားမှာ ပူးပေါင်းစုံစမ်းစစ်ဆေးသွားမယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြိး ဆာဂျီ လက်ဗ်ရော့က ပြောပါတယ်။

ရုရှားသံအမတ် လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တူရကီသမ္မတ အာဒိုဂန် က ရှုံချလိုက်ပြီး၊ ဒါဟာ ရုရှား- တူရကီဆက် ဆံရေးကို ပျက်ပြားအောင် သပ်ရှိုတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ကလည်း ဒါဟာ ရုရှား- တူရကီ ဆက်ဆံရေး ပျက်အောင် လုပ်တာဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။

ဒီလို သံတမန်တဦး အကြမ်းဖက်သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ရှုံ့ချ လိုက်ပြီး၊ သံအမတ်မိသားစုထံကိုလည်း ဝမ်းနည်းကြောင်းပေးပို့ခဲ့ပါတယ်။
အလားတူ အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကလည်း မိသားစုထံ ဝမ်းနည်းကြောင်းပေးပို့ခဲ့ သလို၊ အမေရိကန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း အကြမ်းဖက်လုပ်ရပ်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ ဆီးရီးယားအရေးမှာ သမ္မတအာဆတ်အစိုးရကို ထောက်ခံခဲ့ပြီး၊ အစိုးရတပ်များ အလက်ပ်ပိုမြို့ကို သိမ်းပိုက်ရာမှာ အဓိက ပံပိုးကူညီနေတာဖြစ်ပါတယ်။

Loading