တူရကီမှာ ရရှားသံအမတ် အသတ်ခံရပြီးနောက်မှာ ရုရှားသမ္မတပူတင်က အကြမ်းဖက်မှု တိုက်ဖျက် ရေးကို အရှိန်မြှင့်ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ပြုလိုက်ပြီး၊ ပြစ်မှုကျူးလွန်သူတွေ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
သမ္မတပူတင်က ဒါဟာ ရုရှားနဲ့ တူရကီ ဆက်ဆံရေး တိုးတက်လာမှုနဲ့ ပုံမှန်ပြန်ဖြစ်လာမှုကို ပျက်ပြား အောင်လုပ်ဖို့ ရည်ရွယ်တာဖြစ်ပြီး၊ ဒါအပြင် ရုရှား၊ တူရကီ၊ အီရန်နဲ့ တခြားနိုင်ငံတွေ လုပ်ဆောင် နေတဲ့ ဆီးရီးယား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပျက်ပြားအောင်လုပ်တာဖြစ်တယ်။ တခုထဲသော တုံ့ပြန်မှုက ကျနော်တို့ အကြမ်းဖက်မှု့တိုက်ဖျက်ရေးကို အရှိန်မြှင့်ဖို့ပဲလို့ ပြောဆိုသွား ခြင်းဖြစ်ပါ တယ်။
ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီဟာ တူရကီနဲ့ ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေကို စတင်နေပြီ ဖြစ်ပြီး၊ တူရကီသမ္မတနဲ့လည်း တယ်လီဖုန်းနဲ့ ဆက်သွယ်ကာ စကားပြောခဲ့ကြောင်းဆိုပါတယ်။
ဒီလုပ်ကြံမှုကို ဘယ်သူအမိန့်ပေးလဲ၊ ဘယ်သူတွေ စီစဉ်ခဲ့သလိုဆိုတာကို ကျနော်တို့သိရမယ်၊ ရုရှား သံတမန်တွေနဲ့ တူရကီသံတမန်တွေအတွက် လုံခြုံရေးမြှင့်ထားဖို့လိုတယ်၊ အလားတူပဲ တူရကီက လည်း လုံခြုံရေးမြှင့်ဖို့ ကတိပြုထားတယ်လို့လည်း သမ္မတပူတင်က ဆိုပါတယ်။
တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အန်ဒရေ ကားလော့ဗ်ဟာ အန်ကာရာမြို့က ဓာတ်ပုံပြပွဲမှာ တက်ရောက်အမှာစကားပြောကြားစဉ် အသက် ၂၂နှစ်အရွယ်ရှိ တူရကီ ရဲအရာရှိတဦးက သေနတ်နဲ့ ပစ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်ပြီး သေနတ်သမားကို တူရကီ လုံခြုံရေးတပ်များက ပစ်သတ်လိုက်ပါတယ်။
လုပ်ကြံသူ တူရကီရဲအရာရှိဟာ သေနတ်နဲ့ မပစ်မီ၊ အာရပ်ဘာသာဖြင့် ဘုရားသခင်ဟာ ကြီးကျယ်မြင့်မြတ် တယ်၊ အလက်ပ်ပိုအရေးကို မမေ့နဲ့၊ ဆီးရီးယားအရေးကို မမေ့နဲ့လို့ အော်ဟစ်ကာ သေနတ်နဲ့ ပစ် သတ်လိုက်ခြင်းဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရှုံချခဲ့သလို၊ အမေရိကန်အစိုးရနဲ့ အစ္စရေးဝန်ကြီးချုပ် စတဲ့နိုင်ငံများကလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။