မြန်မာအလုပ်သမားတဦး အပါအဝင် လူ ၃ဦးကို သတ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်း ရဲတပ်ဖွဲ့မှ ဆရာဝန် ရဲဗိုလ်မှူးကြီးဟောင်း ဆူပက် လောင်ဟာဝပ်တနာ ဟာ မြန်မာဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရာမှ မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက် ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။
ဝရမ်းပြေး ဆူပက် လောင်ဟာဝပ်တနာဟာ Ita ဆိုသူ မြန်မာအလုပ်သမားတဦးနဲ့ ထိုင်းလူမျိုး လင်မယား ၂ဦးကို သတ်ဖြတ်မှုနဲ့ ၂၀၁၅ ခုနှစ်မေလအတွင်း ပက်ချာဘူရီခရိုင်တရားရုံးက အမိန့်မချမှတ်ခင် ထွက်ပြေးသွားခြင်းဖြစ်ပါတယ်။
အဲဒီအမှုမှာသူနဲအတူ သား၂ဦးဖြစ်သူ အကီနဲ အကာရာကို တို့လည်းပါဝင်ပြီး၊ ၎င်းတို့ ၂ဦးကို တော့ တသက်တကျွန်းချမှတ်ခဲ့ပါတယ်။
တရားခံ ဆူပက် ဟာ မဲဆောက်မှ မြန်မာဘက်ခြမ်းကို ကူးကာထွက်ပြေးသွားတာကို ခြေရာခံမိတဲ့ နောက် ထိုင်းရဲတပ်ဖွဲ့က မြန်မာရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး၊ မြန်မာရဲတပ်ဖွဲက ဖမ်းဆီးကာ ထိုင်းနိုင်ငံဘက်ခြမ်း ဆင်းခွန်နယ်စပ်ဂိတ်မှာ ပက်ချဘူရီရဲတပ်ဖွဲ့ကို လွှဲပြောင်း ပေးအပ် လိုက်တာ ဖြစ်ပါတယ်။
ဆူပက်ဟာ ထိုင်းလူမျိုး နာနတ်ခြံပိုင်ရှင် ဆမတ်နဲ့ အိုရာဆာအမည်ရှိ လင်မယား ၂ဦးကိုလည်း ၂၀၁၂ ခုနှစ်က သတ်ဖြတ်ခဲ့ပြီး သူ့ရဲ့ သစ်ခွခြံအတွင်းမှာ ကျင်းတူးမြှုပ်နှံခဲ့ရာ ရဲတပ်ဖွဲ့က တူးဖော်ရှာဖွေရာမှ Ita ဆိုသူ မြန်မာအလုပ်သမား၏ ရုပ်ကြွင်းအပါအဝင် အလောင်း ၃လောင်းကို တွေ့ခဲ့ တာဖြစ်ပါတယ်။
မြန်မာအလုပ်သမား Ita ကို သူ သတ်ရခြင်းအကြောင်းက သူ့ရဲ့ တတိယဇနီးနဲ့ မယုံသင်္ကာဖြစ်တဲ့ အတွက်လို့ Bangkok Post ကဆိုပါတယ်။
သူ့ရဲ့ခြံထဲမှာ တရားမဝင်မြန်မာအလုပ်သမားများစွာ အလုပ်လုပ်ကိုင်နေတာကြောင့် လူကုန်ကူးမှု လူသတ်မှုတွေနဲ့ အမှုဖွင့်အရေးယူခဲ့ပြီးနောက် ဘတ် ၃သန်း အာမခံနဲ့ နေထိုင်စဉ် ထွက်ပြေးသွားတာဖြစ်ပါတယ်။