သတင်းတို

ဘာလင်တိုက်ခိုက်မှု သံသယရှိသူ၏ ဓာတ်ပုံ ဂျာမန်မီဒီယာထုတ်ပြန်

ဂျာမနီနိုင်ငံ ဘာလင်တိုက်ခိုက်မှု၌ သံသယရှိသူ တူနီးရှားလူမျိုးတဦး၏ ဓာတ်ပုံကို ဂျာမန်မီဒီယာ တွေမှာ ဖော်ပြထားပြီး၊ သူ့ကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း၊ သူ့အမည်မှာ အာနစ်လို့ သိရပြီး တူနီးရှားလူမျိုးတဦး ဖြစ်ကြောင်း အသက်မှာ ၂၃နှစ်ခန့်ရှိပြီး၊ သူမှာ နိုင်ငံကူးလက်မှတ် များစွာရှိကြောင်း ဂျာမန်သတင်းစာ Bild ကဖော်ပြပါတယ်။

ဒီကနေ့ စောစောပိုင်းက စပီးဂဲလ် မဂ္ဂဇင်းမှာ ဖော်ပြချက်အရ အသက် ၂၃နှစ်ရှိ အာနစ်ဟာ ဒုက္ခသည်အဖြစ်လျှောက်ထားသူဖြစ်ကြောင်း ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက ဘာလင်မြို့လယ်က ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း Kaiser Wilhelm ရဲ့အပြင်မှာ ရောင်းချနေတဲ့ ခရစ်စမတ်ဈေးတန်း တခုကို ထရပ်ကားတစီးက အရှိန်ပြင်းစွာ မောင်းနှင်ကာ ဝင်တိုက်တဲ့အတွက် လူ ၁၂ဦးသေဆုံးကာ ၄၈ဦး ဒဏ်ရာရသွားခြင်းဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ုလိ့ IS အဖွဲ့က ပြောဆိုလိုက်ပြီး၊ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မသင်္ကာတဲ့ ပါကစ္စတန်လူမျိုးတဦးကို ဖမ်းထားရာက မှားယွင်းဖမ်းဆီးတယ်ဆိုကာ ဂျာမန်ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုလိုအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည်တွေကို လက်ခံထားရေး ပေါ်လစီကို ကိုင်စွဲထားတဲ့ ဝန်ကြီးချုပ် အင်ဂျလာ မာကဲဟာ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အာဖဂန်လူမျိုး ဒုက္ခသည်လူငယ်တဦးက ဝုဖ်ဘတ် နှင့် အောစင်ဖင့် သွား ရထားတွဲပေါ်မှာ ခရီးသည်တွေကို တိုက်ခိုက်ရာ ၂၁ဦး ဒဏ်ရာရခဲ့ပါတယ်။

ဘာလင်တိုက်ခိုက်မှု သံသယရှိသူ၏ ဓာတ်ပုံ ဂျာမန်မီဒီယာထုတ်ပြန်

အာရှတိုက်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ဒုက္ခသည်တွေဟာ ဥရောပတိုက်ကို ပြောင်းရွေ့ လာရာ၊ အဆိုးရွားဆုံးကတော့ ဆီးရီးယားစစ်ပြေးများဟာ တူရကီကိုဖြတ်ကာ အစုလိုက်အပြုံလိုက် ဂျာမနီကို ဝင်ရောက်လာခြင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် အင်ဂျလာ မာကဲလ်ကတော့ ဒုက္ခသည်တွေ ပြောင်းရွေ့လာခြင်းကို လူသားချင်းစာနာမှု ဘက်ကနေ ကာကွယ်ပြောဆိုလျှက်ရှိပါတယ်။

ဤကဲ့သို့ လူစည်ကားသည့်နေရာများကို ကားဖြင့်ဝင်ရောက်တိုက်ခိုက်ခြင်းကို အကြမ်းဖက်သမားများ က နည်းဗျူဟာအသစ်အဖြစ် အသုံးပြုလာရာ ယခုနှစ်ဇူလိုင်လအတွင်းမှာပဲ ပြင်သစ်နိုင်ငံ နိစ်မြို့မှာ တူနီးရှားအနွယ်ဖွား ပြင်သစ်နိုင်ငံသား မိုဟာမက်ဘူဟီဆို သူက ထရပ်ကားကို အရှိန်ပြင်းပြင်းမောင်းကာ အမျိုးသားနေ့ ကျင်းပနေတဲ့ လူအုပ်ထဲကို ဝင်တိုက်တဲ့အတွက် လူပေါင်း ၈၄ ဦးသေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

Loading