ရန်ကုန်မြို့ရှိ အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေး မဆန်းကေခိုင်၏ လက်ဝဲဘက် တံတောင်ဆစ်ကို ဒီဇင်ဘာ နောက်ဆုံးပတ် အတွင်း ခွဲစိတ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ပါရှိသည်။
မဆန်းကေခိုင်၏ လက်ဝဲဘက် လက်တံတောင်ဆစ်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသည့်အတွက် ကွေးဆန့်သည့် အကြောတွင် သွေးခဲကာ ကျောက်တည်နေကြောင်း၊ အဆိုပါ နေရာရှိ အကြောများကို ခွဲစိတ်မှသာ တံတောင်ဆစ်သည် ကွေးနိုင်ဆန့်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှု ပညာဌာနမှ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က ပြောဆိုထားသည်။
တံတောင်ဆစ် ခွဲစိတ်ကုသမှုပြီးစီးပါက ညှင်းပန်းနှိပ်စက်ခံရမှုကြောင့် ရရှိထားသည့် လက်မောင်း၊ လည်ပင်းစသည့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာ၊ အမာရွတ်များကို ဆက်လက်ဖယ်ရှား ကုသသွားမည်ဖြစ်ကြောင်း ဖော်ပြရေးသားထားသည်။