ပင်လယ်နက်အတွင်း ပျက်ကျသွားသည့် ရုရှားစစ်ဘက်လေယာဉ် Tu-154 လေယာဉ်၏ ကိုယ်ထည် ကုိ ရေငုပ်သမားများက ရှာတွေ့ပြီဖြစ်ကြောင်း ရုရှားအရေးပေါ်ကူညီကယ်ဆယ်ရေး ဝန်ကြီးဌာနက ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ တူပိုလက်ဖ် အမျိုးအစား ရုရှားစစ်ဘက်လေယာဉ် Tu-154 ဟာ သတင်းစာဆရာ များ၊ ရုရှားတပ်မတော်မှ ဖျော်ဖြေရေးအဖွဲ့များနှင့် အကူအညီပေးရေးလုပ်ဆောင်နေ သူများကို တင်ဆောင်ပြီး ဆီးရီးယားနိုင်ငံ လာတာကီလေဆိပ်သို့ ပျံသန်းစဉ် ပင်လယ်နက်ဒေသ ဆိုချီမြို့နဲ့ တမိုင်ခန့်အကွာမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာပဲ ပျက်သွားသည့် ရုရှားစစ်ဘက်လေယာဉ် Tu-154 ပေါ်တွင်လိုက်ပါသွားသည့် သူများ၏ ရုပ်အလောင်း များကို သယ်ဆောင်လာသည့် ပထမဆုံးလေယာဉ်ဟာ မော်စကိုမြို့ လေဆိပ်ကို ဆိုက်ရောက်လာပြီဖြစ်ကြောင်း ရုရှား လက်ထောက် ကာကွယ်ရေး ဝန်ကြီး ပေဗယ် ပိုပေါ့ဗ်က ပြောပါတယ်။
လေယာဉ်ပေါ်မှာ ရုပ်အလောင်းမည်မျှ ပါလာသည်ကိုမူ ဖော်ပြထားခြင်းမရှိပေမယ့် မူလသတင်းများ အရ ၁၀ဦးကို တွေ့ရှိထားပြီလို့ သိရပါတယ်။ ဒီကနေ့မှာလည်း လေယာဉ်ပျက်ကို လူအင်အား ၃ထောင်ကျော်၊ သင်္ဘော ၄၅စီး၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များအသုံးပြုကာ ဆက်လက် ရှာဖွေနေတာဖြစ်ပါတယ်။