သတင်းတို

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို Eleven Media တောင်းပန်

Want create site? Find Free WordPress Themes and plugins.

The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ အာဘော်ထဲမှ အချက်အလက် တချို့နှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် တစုံတရာ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သူအားလုံးကို Eleven Media Group က တောင်းပန်လိုက်သည်။

“အနူးအညွှတ် တောင်းပန်ခြင်း” ဟု ခေါင်းစဉ်တပ် ထားသော အဆိုပါ တောင်းပန်လွှာကို ၎င်းတို့၏ ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ စာမျက်နှာ ၁၇ တွင် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

အဆိုပါ တောင်းပန်လွှာထဲတွင် “ယင်းကဲ့သို့ မှားယွင်း ရေးသားဖော်ပြခဲ့သည့်အတွက် ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် အဆိုပါ ရေးသား ဖော်ပြချက်ကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သူ အားလုံးကို Eleven Media Group ၏ CEO နှင့် Eleven Media Group တာဝန်ရှိသူများ အနေဖြင့် နောက်နောင်တွင် ဤကဲ့သို့ မလုပ်ဆောင်ပါဟု ဝန်ခံချက်နှင့် အတူ အနူးအညွှတ် ဝန်ချ တောင်းပန်အပ်ပါသည်” ဟု ဖော်ပြပါရှိသည်။

The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော်ကို Eleven Media Group နှင့် Eleven Media Group ၏ CEO မှ အာရှသတင်းကွန်ရက် (ANN) အဖွဲ့ဝင် သတင်းဌာနများ၊ The Daily Eleven သတင်းစာနှင့် Facebook စာမျက်နှာတို့တွင် ရေးသားဖော်ပြမိခဲ့ကြောင်း တောင်းပန်လွှာ၌ ဖော်ပြထားသည်။

“ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော် ကို ANN အဖွဲ့ဝင်ဖြစ်သည့် စင်ကာပူနိုင်ငံထုတ် The Straits Time သတင်းစာမှ ယခုနှစ် နိုဝင်ဘာ ၅ ရက်နေ့တွင် (Myanmar: A year after the Nov 8 Polls) ခေါင်းစဉ်ဖြင့် ဖော်ပြရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကိုပါ တွဲဖက်အသုံးပြုဖော်ပြပါရှိခဲ့ခြင်းကြောင့် အဓိပ္ပာယ် ကောက်ယူရာတွင် လွဲမှားမှု ဖြစ်ပေါ်စေနိုင်သည့် အတွက်လည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ဒေါက်တာ သန်းထွဋ်အောင်၏ Facebook စာမျက်နှာတွင် ရေးသားမှုများနှင့် Eleven Media Group ၏ သတင်း စာမျက်တွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့ အာဘော်ပါ စာသား တချို့ကြောင့် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Eleven Media Group က ၎င်းတို့အနေဖြင့် Facebook Account ပိုင်ရှင် ၅ ဦးအပေါ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားခဲ့သော်လည်း လက်ရှိအချိန်တွင် မိမိတို့ စိတ်ဆန္ဒအရ ယင်းအမှုများအားလုံးကို တရားဝင်ရုတ်သိမ်းထားပြီး ဖြစ်ကြောင်း၊ ထိုသို့ ရုတ်သိမ်းကြောင်းကိုလည်း ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ စာမျက်နှာ ၁၇ တွင် အများသိစေရန် ဖော်ပြခဲ့ကြောင်းလည်းသိရသည်။

မိမိတို့၏ အနူးအညွှတ်တောင်းပန်မှုကို အယ်ဒီတာအာဘော် ဖော်ပြပါရှိခဲ့သည့် ANN အဖွဲ့ဝင် နိုင်ငံများမှ သတင်းဌာန အသီးသီးထံသို့လည်း ပေးပို့အသိပေးသွားမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။ ANN သည် အာရှ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မီဒီယာ ၂၂ ခု ဖြစ်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading