လူပေါင်း ၃၉ဦးသေဆုံးခဲ့ရတဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က Reina ကလပ်ကို ဝင်ရောက်ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နှစ်သစ်ကူး အကြို ပျော်ပွဲရွင်ပွဲတွေကျင်းပနေတဲ့ ကမ္ဘာ့လှည့်ခရီးသွား အသွားအလာ များတဲ့ ဘီဆစ်တပ်ခရိုင်အတွင်းက Reina ကလပ်ထဲကို ဆန်တာကလော့ဝတ်စုံကို ဝတ်ဆင်လာသူ တဦးဝင်လာကာ ကလက်ရှ်နီကော့ဗ် ရိုင်ဖယ်နဲ့ ပျော်ရွင်နေတဲ့ လူအုပ်ထဲကို ပစ်ခတ်တဲ့အတွက် လူပေါင်း ၃၅ဦးသေဆုံးကာ ၆၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
IS အကြမ်းဖက်အဖွဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ သူတို့ရဲ့ စစ်သည်တော်ဟာ ခရစ်ယာန်တွေရဲ့ အားလပ်ရက် ပျော်ပွဲ အခမ်းအနား ကျင်းပနေတာကို တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ဆော်ဒီအာရေဗီးယား၊ ဂျော်ဒန်၊ လစ်ဗျား၊ တူနီးရှား၊ လက်ဘနွန်စတဲ့ အရှေ့အလယ်ပိုင်း ဒေသသား အများစုဖြစ်ပြီး ရုရှားအမျိုးသမီးတဦးလည်း ဝင်ကြောင်းသိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်သမားဟာ လွတ်မြောက်နေဆဲဖြစ်ပြီး တူရကီ ရဲတပ်ဖွဲ့ က ရှာဖွေနေပြီး၊ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဥဇဘက်ကစ္စတန်သို့မဟုတ် ကာဂျီကစ္စတန်နိုင်ငံသား များ ပါဝင်နေနိုင်ကြောင်း ပြောဆိုလိုက်သလို၊ မသင်္ကာသူ ၆၃ ဦးကို ဖမ်းဆီးကာ စစ်ဆေးနေကြောင်းသိရပါတယ်။