နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိရပ်ကွက် မိုးဝေလမ်းနှင့် ရွှေသပြေ ၁၃ လမ်းဆုံအနီးတွင် ဖူးရောင်ဒဏ်ရာများ ဖြင့် သေဆုံးနေသည့် ပျဉ်းမနားရဲစခန်းဝင်းနေ ရဲအုပ် ဇော်ဇော် ကို သတ်သွားသည်ဟု ယူဆရသည့် တရားခံ ၃ ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ဒက္ခိဏသီရိမြို့မ ရဲစခန်း မှ ရဲစခန်းမှူး ဒုရဲမှူးစိုးဝင်းက ဧရာဝတီသို့ပြောသည်။
ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ရဲအုပ် ဇော်ဇော်သည် မေးစေ့တွင် ပေါက်ပြဲဒဏ်ရာ၊ အပေါ်နှုတ်ခမ်း ၊ ရင်ဘတ်နှင့် ပေါင်တို့တွင် ဖူးရောင်ညိုမည်း ဒဏ်ရာများဖြင့် ၎င်းမောင်းနှင်လာသည့် ကားအတွင်း သေဆုံးနေခြင်းဖြစ်ကြောင်း သိရ သည်။
“နှစ်သစ်ကူးအပြီး မနက်အစော အိမ်ပြန်ချိန်မှာ သေဆုံးသူက ကားမောင်းတယ်။ ဘေးမှာ သူ့ညီ ၂ ဝမ်းကွဲ တယောက် ပါတယ်။ တယောက်နဲ့ တယောက် မခံချင်အောင် ပြောကြဆိုကြရင်းနဲ့ စကားများကြတာ။ အရက်သေစာ သောက်စား ထားရာက စကားများ ရန်ဖြစ်ရင်း ဖြစ်ကြတာ။ တခြားကိစ္စတွေတော့ မရှိဘူး။ နောက်တော့ တရားခံက သူ့ညီ ၂ ဦးကို လာခေါ်ခိုင်းပြီး ကားပေါ်ကနေ ဆင်းသွားတယ်။ လောလောဆယ် စစ်ဆေးထားသလောက်တော့ ဒီလောက်ပဲ သိရသေး တယ်။ ဖြစ်ဖြစ်ချင်း နေ့တွင်းချင်းပဲ ဖမ်းမိတယ်”ဟု ဒုရဲမှူး စိုးဝင်း က ရှင်းပြသည်။
အသက် ၄၈ နှစ်အရွယ် ရဲအုပ် ဇော်ဇော်ကို သတ်သည်ဟု ယူဆရသည့် ကိုဖြိုးနှင့် အပေါင်းအပါ ၂ ဦးကို ဒက္ခိဏသီရိ မြို့မ ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း၊ လူသတ်မှု ပုဒ် ၃၀၂ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။