ထိုင်းအစိုးရက တရုတ်၊ ဂျပန်စတဲ့နိုင်ငံများရဲ့ အကူအညီနဲ့ ကျည်ဆန်ရထားစီမံကိန်း ယခုနှစ်မှ စတင် ကာ အကောင်အထည်ဖော်ဖို့လုပ်ဆောင်နေပြီဖြစ်ကြောင်း Bangkok Post သတင်းက ဆိုပါတယ်။ မြို့တော်ဘန်ကောက်မှ လာအိုနယ်စပ်မြို့ နောင်ခိုင်ကို ဆက်သွယ်သည့် ရထားလမ်းကို တရုတ်၏ အကူအညီဖြင့် ယခုနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး၊ ဘန်ကောက်- ချင်းမိုင် ရထားလမ်းကို ဂျပန်အကူအညီဖြင့် လာမည့် ၂၀၁၈ခုနှစ်တွင်စတင်ဆောက်လုပ် မည်ဖြစ်ကြောင်းသိရပါတယ်။
ထိုင်းဘတ် ၁၇၉.၄ ဘီလျံ ကုန်ကျမည့် Sino – Thai စီမံကိန်းဖြစ်တဲ့ ဘန်ကောက်- နောင်ခိုင် ရထား လမ်းတည်ဆောက်မှုကို နှစ်ပိုင်းခွဲဆောင်ရွက်မည်ဖြစ်ပြီး ပထမတပိုင်းအနေဖြင့် ဘန်ကောက်- နခွန် ရာချာဆီမာ လမ်းကြောင်း ကို လည်း ကောင်း၊ ဒုတိယတပိုင်း အနေဖြင့် နခွန်ရာချာစီမာ- နောင်ခိုင် လမ်းကြောင်းကို လည်းကောင်း လုပ်ဆောင်မှာဖြစ်ပါတယ်။
ဘန်ကောက်- နောင်ခိုင်ရထားလမ်းဟာ တနာရီလျှင် ၂၅၀ ကီလိုမီတာနှုန်းမောင်းနှင်နိုင်မည်ဖြစ် ပါတယ်။
ယင်းရထားလမ်းကို ယခုနှစ်မတ်လအတွင်းမှာ ၃.၅ ကီလိုမီတာရှည်လျားတဲ့ Klang Dong မှ Pang Asok လမ်းပိုင်းကို စတင်လုပ်ဆောင်မယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Arkhom Termpittayapaisith ကဆိုပါတယ်။
အလားတူ ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ပြုလုပ်မယ် ဘန်ကောက်- ချင်းမိုင် ရထားလမ်းစီမံကိန်းကို လည်း ၂ပိုင်းခွဲထားပြီး၊ ဘန်ကောက်- ပိစနုလွတ် အထိ ဖောက်လုပ်မည့် ရထားလမ်းမှာ ထိုင်းဘတ် ၂၂၇.၄ ဘီလျံကုန်ကျမည် ဖြစ်ပြီး၊ ပိစနုလွတ်- ချင်းမိုင် လမ်းပိုင်းမှာ ၂၆၉.၃ ဘီလျံကုန်ကျမှာဖြစ်ပါတယ်။
ဘန်ကောက်- ချင်းမိုင်ရထားလမ်းမှာ တနာရီလျှင် ၃၀၀ ကီလိုမီတာ ပြေးဆွဲနိုင်မှာဖြစ်ပါတယ်။
ဤစီမံကိန်းကိုမူ လာမည့် ၂၀၁၈ခုနှစ်မှာ စတင်တည်ဆောက်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မယ် လို့ ဆိုပါတယ်။