ကချင်ပြည်နယ်အတွင်း စစ်ဘေးသင့်ဒေသများရှိ သက်ကြီးဘိုးဘွားများအတွက် တဦးလျှင် ကျပ်တစ်သောင်း သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များကွန်ရက်က ပြောသည်။
သက်ကြီးဘိုးဘွားများ၏ အာဟာရ အစားအစာနှင့် ခြုံထည်စောင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကန်တော်ကြီးပန်းခြံရှိ Off the Beaten Track Café တွင် တဦးလျှင် ၁၅၀၀၀ ကျပ် တန် ကချင်ဒေသ ရိုုးရာအစားအစာ ဘူဖေးညစာ ရောင်းချကာ ရန်ပုံငွေရှာဖွေမည်ဟု သိရသည်။
ဇန်နဝါရီ တတိယအပတ်အတွင်း ကချင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးသင့် ဒေသများသို့ သွားရောက်လှူဒါန်းရန် ခန့်မှန်းထားပြီး အခြားဒေသရှိ စစ်ဘေးသင့်ပြည်သူများ အတွက်လည်း ထောက်ပံ့ လှူဒါန်းနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဖွဲ့ဝင်တဦးကပြောသည်။
မမေသက်ထွေးက “ဘူဖေးရောင်းဖြစ်တာက အလှူရှင်တွေအနေနဲ့ ပိုက်ဆံ သက်သက်လှူတာ မဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ရိုးရာ အစားအစာတွေကိုလည်း စားစေချင်တဲ့ဆန္ဒနဲ့ လုပ်ဖြစ်တာပါ၊ အဓိက ကတော့ ကချင်နဲ့ ရှမ်း ရိုးရာ အစားအစာတွေ ပါပါမယ်” ဟု ပြောသည်။