ဒီမိုကရေစီဖော်ဆောင်ရာတွင် ငြိမ်းချမ်းစွာဆောင်ရွက်ရမည့်အစား အမြင်ကျဉ်းမြောင်းနေဆဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှ ခေါင်းဆောင်များကြောင့် မလွှဲမရှောင်သာ စစ်ရေးအရ ဖြေရှင်းနေရခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နေပြည်တော်၊ ဇေယျာသီရိ ဗိမာန်၌ ဇန်နဝါရီလ ၄ ရက်နေ့က ပြုလုပ်သော တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့် လက်မှတ်များ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြု အမှာစကား ပြောကြား ရာတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယနေ့ထက်တိုင် အမြင်ကျဉ်းမြောင်းနေဆဲဖြစ်သည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်း တချို့က ခေါင်းဆောင်လုပ်သူများသည် ဒီမိုကရေစီဖော်ဆောင်ရာတွင် ငြိမ်းချမ်းစွာဆောင်ရွက်ရမည့် အစား ပြည်သူ လူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိပါးမှုများ၊ နိုင်ငံတော်၏အကျိုးစီးပွားကို အဖျက်လုပ်ငန်းနှင့် ထိပါးလာမှုများအပြင် ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူလိုစိတ် အားနည်းနေခြင်းကြောင့် မလွှဲမရှောင်သာဘဲ စစ်ရေးအရရင်ဆိုင်ဖြေရှင်းရမှုများ ရှိနေဆဲ” ဟု ဆိုသည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသား အချင်းချင်း ထိခိုက်သေကျေ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရာတွင် စစ်ရေးနည်းလမ်းထက် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကို ခေတ်အဆက်ဆက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ စစ်ရေးဆိုသည်မှာမိမိ၏ အသက်ခန္ဓာနှင့်ရင်းပြီး တိုက်ခိုက်ရခြင်းဖြစ်သည့်အတွက် မိမိတို့ တပ်မတော်သားများအနေဖြင့် ငြိမ်းချမ်းရေးကို အလိုလားဆုံးဖြစ်ဟု တပ်ချုပ်က ပြောသည်။
လက်ရှိအချိန်တွင် တပ်မတော်သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ၂၀၁၁ ခုနှစ်မှစ၍ လျှောက်လှမ်းလာခဲ့သည်မှာ ၆ နှစ်တာ ကာလ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အစိုးရနှင့် တပ်မတော်က ညှိနှိုင်းမှုများကို သဘောထားကြီးစွာဖြင့် လိုက်လျောမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟုဆိုသည်။
သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် ပဋိပက္ခများကို စတင်ဖန်တီးခြင်းဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါး စော်ကားလျှက်ရှိကြောင်း၊ ပုဂ္ဂလိက အကျိုးစီးပွားများကို ရှေ့တန်းတင်ကာ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်နေခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးခြင်းသာမက တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး၏ ဒီမိုကရေစီရပိုင်ခွင့်နှင့် နိုင်ငံသားဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်နေခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။