ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသည့် ငြိမ်းချမ်းရေး ရန်ပုံငွေသို့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ကျပ်သိန်း ၂၀၀၀ လှူဒါန်းရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။
NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာထဲမှ ၂၅ ရာခိုင်နှုန်းကို လစဉ် ပါတီအတွက် အလှူခံလျက်ရှိရာ ယင်းငွေများထဲမှ ကျပ်သိန်း ၂၀၀၀ ကို ငြိမ်းချမ်းရေး ကော်မရှင်သို့ လှူဒါန်းရန် ယနေ့ နေပြည်တော်တွင် ကျင်းပသည့် NLD အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။
ထို့ပြင် ကြားဖြတ် ရွေးကောက်ပွဲတွင် စာရင်းသွင်းရန် ပျက်ကွက်ခဲ့၍ ကိုယ်စားလှယ်လောင်း ၁ နေရာ ဆုံးရှုံးခဲ့ရသည့် ကယားပြည်နယ် ဖရူဆိုမြို့နယ်ကိစ္စအတွက် ပြည်နယ် ဥက္ကဌနှင့် မြို့နယ် ဥက္ကဌတို့ကို ပါတီက အရေးယူရန် ဆုံးဖြတ်လိုက်ကြောင်း၊ ပါတီ၏ စုံစမ်း စစ်ဆေး မှု ခံနေရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စကိုမူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ တနသာၤရီတိုင်း လွှတ်တော် ဥက္ကဌကိစ္စများကိုမူ ဦးဝင်းမြင့်ကိုယ်တိုင် တနာသာၤရီတိုင်းသို့ ဆင်း၍ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်က အောင်နိုင်ရေး အဖွဲ့များ ဖွဲ့ခဲ့သော်လည်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မည်သည့်အဖွဲ့မျှ ဖွဲ့စည်းမည် မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့များက ဦးဆောင်၍ ပြုလုပ်ရမည် ဖြစ်ကြောင်း NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောဆိုသည်။