သတင်းတို

တရားမဝင် ရေသန့်တံဆိပ် ၁၃ မျိုးကို FDA တရားစွဲမည်

ရန်ကုန်နှင့် မန္တလေးမြို့တို့မှ တရားမဝင် ရေသန့် တံဆိပ် ၁၃ မျိုးကို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) က တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

တရားဝင် ထောက်ခံချက်ရှိသည့် ရေသန့် တံဆိပ်အားလုံးကို စာရင်းပြုစု၍ တနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်း အားလုံးရှိ အစာဆေးဝါး ကော်မတီများ၊ ဒေသတာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ ပေးပို့ထားပြီး ယင်းစာရင်းတွင် မပါဝင်သည့် တံဆပ်များ အားလုံးကို အရေးယူနိုင်ကြောင်း FDA ညွှန်ချုပ် ဒေါက်တာ သန်းထွဋ်က ပြောသည်။

“ကျနော်တို့ ပို့ထားတဲ့ တံဆိပ် မဟုတ်ဘဲ ရောင်းနေရင် ရဲကပဲ ဖမ်းဖမ်း၊ စားသုံးသူ ရေးရာကပဲ ဖမ်းဖမ်း၊ ဘယ်အဖွဲ့ကပဲ ဖမ်းဖမ်း၊ တရားရုံးကို ဦးတိုက်လျှောက်လို့ ရတယ်။ တရားရုံးက ခွင့်ပြုချက်တောင်းရင် ခွင့်ပြုချက် ပေးလိုက်ရုံပဲ။ ကျနော်တို့က ရေသန့်နဲ့ ပတ်သက်ပြီးတော့ အဆုံးစွန် လုပ်ထားပြီးပါပြီ” ဟု ၄င်းက ပြောသည်။

ရန်ကုန်မြိ့ရှိ FDA အဖွဲ့ထံမှ တရားမဝင် ရေသန့် ၇ မျိုး၊ မန္တလေးမြို့မှ ၆ မျိုး စာရင်း ရရှိသဖြင့် ၄င်းတို့ကို တရားစွဲဆိုခိုင်း ထားကြောင်းလည်း သိရသည်။

“တချို့ကလည်း လည်တယ်ဗျ။ ဈေးကွက်ကို FDA က လူတွေ ရောက်လာရင် သိမ်းလိုက်ရော။ တခါတလေ တရားမဝင် ရေဗူးကြီးကို တင်ထားတယ်။ သွားဖမ်းတော့ ဗြောင်လိမ်ပြီးတော့ ကျနော်သောက်ဖို့ ဝယ်ထားတာလို့ ပြောသေးတာ။ သူရောင်းတဲ့ အထောက်အထား မရှိရင် ရုံးတော်ကျ လွတ်သွားမှာပေါ့။ ကျနော်တို့လူတွေမှာ သွားကြည့်၊ ဓာတ်ပုံလေး အသာရိုက်ပြီး ဝယ်ပြီးတော့ ပြေစာတောင်းရတယ်။ ရေသန့်ဗူးမှာပါတဲ့ လိပ်စာကြည့်၊ ပြီးတော့ စက်ရုံကို ပြေးရတယ်။ သေချာပြီဆိုတော့မှ တရားရုံးမှာ တရားစွဲရတာ” ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ယခုကိစ္စများကို အရှိန်မြင့်လုပ်ဆောင်ရန် လမ်းညွှန်ထားသဖြင့် လုပ်ငန်း စီမံချက် ရေးဆွဲရကြောင်း၊ ထို့အပြင် ရေသန့် ကိစ္စအပါအဝင် ၂၀၁၆ အတွင်း တရားစွဲထားသည့် အမှုပေါင်း ၆၀ ကျော် ရှိကြောင်းလည်း သိရသည်။

Loading