မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် တရားခံဘက်မှ လာဘ်ငွေ ရယူမှုပေါ်ပေါက်ခဲ့သဖြင့် တရားစွဲဆို ထားကြောင်း ယနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာ တွင် ဖော်ပြပါရှိသည်။
တရားသူကြီး ဒေါ်အဉ္ဇလီမြရှိန်သည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ မကွေးတိုင်း တရား လွှတ်တော် တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆို ထားကြောင်း၊ သူသည် ယစ်မျိုး ဥပဒေ အရ တရားစွဲခံရသူများအနက် ၎င်းအား ငွေမပေးသူများကို ထောင်ဒဏ် ချမှတ်ပြီး ငွေပေးသူများအား ငွေဒဏ်သာ ချမှတ်ခဲ့ သဖြင့် အရေးယူပေးရန် တိုင်ကြားခံရသဖြင့် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က အဂတိလိုက်စားမှု ဥပဒေ ပုဒ် ၂၁ (ဂ) (၃) အရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ လွဲှပြောင်းခဲ့ခြင်းဖြစ်သည်။
တိုင်ကြားစာအရ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာမှ ယစ်မျိုးဥပဒေ ပုဒ်မ ၃၀ (က) အမှုတွင် အမှုပြီးပြတ်စေရန် အတွက်ဟုဆိုကာ အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်သော အထက်တန်းရှေ့နေမှ တဆင့် ငွေ ၅ သိန်း တောင်းခဲ့ ကြောင်း၊ တရားခံအပေါ် သက်ညှာစွာ စဉ်းစားပေးရန် တရားခံ၏ ဇနီးဖြစ်သူထံက ငွေ ၅ သိန်း လက်ခံ ရယူခဲ့ခြင်းကြောင့် လုပ်ပိုင်ခွင့် အာဏာရှိသူ တဦး ဖြစ်ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လာဘ်ငွေ ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ရေးသားထားသည်။