တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၆၀၀ ကျော် ထွက်ပြေးနေရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ကြောင့့် KIA စခန်းများ အနီးရှိ စစ်ရှောင်ဒုက္ခသည် ၃၆၀၀ ကျော်မှာ မြန်မာ-တရုတ် နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။
ထွက်ပြေးနေကြသည့် စစ်ရှောင်ဒုက္ခသည်များမှာ အစိုးရ ထိန်းချုပ်နယ်မြေ မဟုတ်သည့် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေ အတွင်းမှ ဇိုင်းအောင် စစ်ရှောင်စခန်းနှင့် ခေါရှောင်စစ်ရှောင်စခန်း တို့မှ ဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၃ နာရီဝန်းကျင်တွင် စစ်ရှောင်စခန်း ၂ ခု အနီးသို့ လက်နက်ကြီး၊ ကျည်များကျလာသဖြင့် စစ်ရှောင်ဒုက္ခသည်များက ထွက်ပြေးကြခြင်း ဖြစ်ကြောင်း၊ တပ်မတော်မှ တိုက်ပွဲအတွင်း လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်သဖြင့် စစ်ရှောင်စခန်းများအနီးသို့ ဗုံးဆံများ ကျလာကြောင်း ဒုက္ခသည်အရေး ကူညီဆောင်ရွက် နေသည့် ကချင် အရပ်ဘက် အဖွဲ့အစည်း ၈ ဖွဲ့ ပူးပေါင်းထားသည့် Joint Strategy Team (JST) က သတင်း ထုတ်ပြန် ထားသည်။
JST ၏ သတင်းထုတ်ပြန်ချက်အရ ထွက်ပြေးနေသည့် စစ်ရှောင်ဒုက္ခသည်များတွင် သက်ကြီးရွယ်အို ပါဝင်ပြီး သွေးတိုးခြင်း၊ အားနည်းခြင်းနှင့် ကျန်းမာရေးပြဿနာများရှိနေရာ သွားလာရန် အခက်အခဲဖြစ်နေပြီး စားနပ်ရိက္ခာ များလိုအပ်နေသည်။
ထွက်ပြေးနေသည့် စစ်ရှောင်ဒုက္ခသည်အချို့၏ လက်ကိုင်ဖုန်းများ၊ JST ပြောရေးဆိုခွင့်ရှိသူကို ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
ဇိုင်းအောင်စစ်ရှောင်စခန်းမှ ဒုက္ခသည်များသည် ဒီဇင်ဘာလ ၂၈ ရက်ကလည်း စခန်းအနီး လက်နက်ကြီး ကျည်များ ကျသဖြင့် ဝိုင်းမော်ကားလမ်းမကြီး ပေါ်သို့ တကြိမ်ထွက်ပြေးခဲ့ရသည်။ အဆိုပါ စစ်ရှောင်စခန်းများမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လ နောက်ပိုင်း တပ်မတော် နှင့် KIA တို့ တိုက်ပွဲ စတင် ဖြစ်ပွားစဉ်မှ စတင်ကာ စစ်ရှောင်နေရသူများဖြစ်သည်။
ဇိုင်းအောင်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၄ စု၊ လူဦးရေ ၂၆၁၉ ဦးရှိပြီး ခေါရှောင် စစ်ရှောင် စခန်းတွင် အိမ်ထောင်စု ၁၄၆ စု၊ လူဦးရေ ၁၀၇၀ ဦး ရှိသည်။
တပ်မတော်နှင့် KIA မှာ ဝိုင်းမော်မြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စ၍ တိုက်ပွဲများ တကျော့ပြန် ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ပြီး ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း တပ်မတော်မှ KIA ၏ ဂီဒုန် တောင်ကုန်း၊ လိုင်ဖောင် တောင်ကုန်း အပါအဝင် စခန်းငယ်များကို သိမ်းပိုက်ခဲ့ပြီး၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်ကလည်း KIA ၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ ၊ ငါ့ဂရမ် တောင်ကြော ရှိ စခန်း ၄ ခုကို ထပ်မံ သိမ်းပိုက်ခဲ့သည်။