သတင်းတို

ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ ဟောပြော၊ စည်းရုံးခွင့်အချိန်ဇယား ထုတ်ပြန်

လာမည့် ဧပြီလ ၁ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စုဝေးဟော ပြောခြင်း၊ မဲဆွယ်စည်းရုံးခွင့်နှင့် ရပ်နားထားရမည့် နေ့ရက်နှင့် အချိန် နှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်ပါအတိုင်း အသိပေးချက်ထုတ်ပြန်လိုက်သည်။

၁။ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ကြားဖြတ်ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းပြီး အောင်မြင်စေရေး အတွက် မဲ ဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ် (Code of Conduct for political parties and candidates) ကို လေးစားလိုက်နာ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ၃-၁-၂၀၁၇ ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးပွဲတွင် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများက သဘောတူဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ (၃၀-၁-၂၀၁၇ ရက်နေ့ နံနက် ၀၆း၀၀ နာရီ မှ ၃၀-၃-၂၀၁၇ ရက်နေ့ ည ၁၂း၀၀ နာရီအထိ) ခွင့်ပြုပါသည်။ ၃၀-၃-၂၀၁၇ ရက်နေ့ ည ၁၂း၀၀ နာရီအချိန် မှ ၁-၄-၂၀၁၇ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးသည်အထိ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း တို့ကို ရပ်နားရ မည်ဖြစ်ပါသည်။

၃။ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများကို မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက် ၃၀-၃-၂၀၁၇ ရက်နေ့ ည ၁၂း၀၀ အချိန် နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည် ဖြစ်ပါသည်။ သတ်မှတ်ချိန်အထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများ ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲများသည် သက်ဆိုင်ရာ စည်ပင် သာယာရေးကော်မတီများနှင့် ညှိနှိုင်း၍ ကြော်ငြာ/ပိုစတာများအား ဖြုတ်သိမ်း သွားစေမည်ဖြစ်ပြီး ကုန်ကျစရိတ်ကျသင့်ငွေအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည်ပေး ချေရန် တာဝန်ရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ထုတ်ပြန်လိုက်သည်။

Loading