သတင်းတို

သူရိယနေဝန်း ဂျာနယ် တာဝန်ရှိသူ ၃ ဦး ပုဒ်မ ၆၆(ဃ)နှင့် အမှုဖွင့်ခံရ

အပတ်စဉ်ထုတ် သူရိယနေဝန်း ဂျာနယ်မှ ထုတ်ဝေသူ၊ အုပ်ချုပ်သူနှင့် ဆောင်းပါးရှင် တဦးတို့ကို ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့မ ရဲစခန်းတွင် ဇန်နဝါရီလ ၉ ရက်နေ့က ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် အမှုဖွင့် အရေးယူထားကြောင်း မင်္ဂလာဒုံမြို့မ ရဲစခန်းက သတင်းရရှိသည်။

သူရိယနေဝန်းဂျာနယ်အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်းက ဖော်ပြခဲ့သည့် ဆောင်းပါးတချို့နှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း(ငြိမ်း)နှင့် ၎င်း၏ သားဖြစ်သူ ဗိုလ်ကြီး တိုးနိုင်မန်း(ငြိမ်း) တို့အပေါ် ဂုဏ်သိက္ခာထိခိုက်စေသည်ဟုဆိုကာ ဗိုလ်ကြီး မြင့်ဇော်(ငြိမ်း) ဆိုသူက တရားလိုပြုလုပ်၍ တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်သည့် အခြေအနေများအပေါ် ပြောဆို၍ မရသေးကြောင်း မင်္ဂလာဒုံ မြို့မ ရဲစခန်းမှ အမှုစစ် ရဲအုပ် အောင်သန်းဦးက ပြောသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုး၊ News Watch ဂျာနယ်မှ နေပြည်တော် သတင်းထောက် တို့ကိုလည်း ပုဒ်မ ၆၆(ဃ) နှင့် အရေးယူမှု ပြုလုပ်ခဲ့ သေးသည်။

အဆိုပါ ဆက်သွယ်ရေး ဥပဒေတွင် မည်သူမဆို ဆက်သွယ်ရေး ဥပေဒ ပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၃နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

Loading