ထူးဆန်းစွာ သုံးနှစ်နီးပါးကြာ ပျောက်ဆုံးနေသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် MH 370 အား ရှာဖွေမှုနှင့် ပတ်သက်၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာရဲ့ ရေနက်ပိုင်းမှာ ရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့တွေဟာ စတုရန်း ကီလိုမီတာ ၁၂၀၀၀၀ ခန့်ကို ရှာဖွေပြီးတဲ့နောက်မှာ သဲလွန်စအနည်းငယ်သာ တွေ့ရှိတဲ့အတွက် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်တယ်လို့ သြစတြေးလျ အခြေစိုက်ရှာဖွေရေး အဖွဲ့က ဆိုပါတယ်။
အဆိုပါ ရှာဖွေရေးအဖွဲ့ကို သြစတြေးလျ အမေရိကန်ဒေါ်လာသန်း ၆၀၊ တရုတ်က အမေရိကန်ဒေါ်လာ သန်း ၂၀၊ မလေးရှားက အမေရိကန် သန်း ၈၀ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၆၀ အကုန် အကျခံ ထောက်ပံကာ ဝေးလံတဲ့ သြစတြေးလျနိုင်ငံရဲ့ အနောက်ဖက်ရေပြင်မှာ ရှာဖွေစေခဲ့ခြင်း ဖြစ်ပါတယ်။
ခရီးသည် ၂၃၉ဦးလိုက်ပါလာတဲ့ မလေးရှားလေကြောင်းလိုင်းမှ MH 370 လေယာဉ်ဟာ လွန်ခဲတဲ့ မတ်လ ၈ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ပျံသန်းစဉ် ထိုင်းပင်လယ်ကွေ့နဲ့ တောင်တရုတ်ပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
မတ်လ ၁၅ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်က MH370 လေယာဉ်ဟာ ပျံတက်ပြီး နာရီဝက် ခန့်အကြာမှာ မလက္ကာ ရေလက်ကြားကို ဖြတ်သွားတာကို စစ်ဘက်ဆိုင်ရာ ရေဒါမှ ခြေရာခံမိတဲ့အပြင် ဂြိုလ်တုကနေလည်း အချက်ပြမှုကို ရရှိတယ်၊ အာရှအလယ်ပိုင်းက ကာဇက်စတန် ဒါမှမဟုတ် အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းကို ပျံသန်းနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နောက်ပိုင်း သြစတြေးလျအနောက်ပိုင်းမှာ MH370 မှ အချက်ပြထုတ်လွှင့်မှုကို ရရှိသည်ဟူ၍လည်း ကောင်း၊ အပိုင်းအစတချို့ကို ရှာဖွေ မဒါဂါစကားကျွန်းအရှေ့ဘက် ရီယူနီယံကျွန်းတွင်လည်း ကောင်း တွေ့ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်မှာ ယခုလို ရှာဖွေမှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်ပါတယ်။