ကရင်ပြည်နယ် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-CP) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့က ဦးဆောင်ပြီး ပြုလုပ်လျှက်ရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိဘားအံ ဟိုတယ်တွင် ပြုလုပ်နေခြင်းဖြစ်ပြီး ထိုအစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ စပြီး ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။ အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့အနက် ပထမဆုံး ပြုလုပ်သောပွဲလည်း ဖြစ်သည်။
ထိုအစည်းအဝေးကို ဦးဆောင် ကျင်းပသော ကရင်လက်နက်ကိုင် သုံးဖွဲ့ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေး ပါတီများနှင့် ကရင် အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော ပြည်တွင်း၊ ပြည်ပ ဧည်သည်များ တက်ရောက်ကြောင်း သိရသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် ကဏ္ဍ ၅ ခုရှိပြီး ထိုအထဲတွင် နိုင်ငံရေး ကဏ္ဍ၊ လုံခြုံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍနှင့် လူမှုရေး ကဏ္ဍတို့ ဖြစ်သော်လည်း ကဏ္ဍ ၄ ခုကိုသာ ဆွေးနွေးခွင့် ပြုထားပြီး လုံခြုံရေးကဏ္ဍကို ဆွေးနွေးခွင့် မပြုကြောင်း သိရသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်တွင် ဆွေးနွေးခွင့် ပြုထားသည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ သယံဇာတကဏ္ဍနှင့် လူမှုရေး ကဏ္ဍများ၏ တခုချင်းစီအောက်တွင် ခေါင်းစဉ် ၂ မျိုးစီ ရှိပြီး စုစုပေါင်း ခေါင်းစဉ် ၈ ခု ရှိမည် ဖြစ်သည်။
နိုင်ငံရေးကဏ္ဍ အောက်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းရင်းသား လူမျိုးများ၏ ခံစားသင့် ခံစားထိုက်သည့် အခွင့်အရေးများ ပါဝင်ပြီး စီးပွားရေး ကဏ္ဍတွင် ဖက်ဒရယ်ဆိုင်ရာ ဘဏ္ဍာရေးနှင့် စီးပွားရေး မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးတို့ ပါဝင်ကြောင်း သိရသည်။
လူမှုရေးကဏ္ဍတွင် ကိုးကွယ် ယုံကြည်မှုနှင့် ပြန်လည် ထူထောင်ရေး၊ ပြန်လည် နေရာချထားရေး ကိစ္စရပ်များ ပါဝင်ပြီး မြေယာနှင့် သဘာဝ သယံဇာတ ကဏ္ဍတွင် မြေယာမူဝါဒနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲခြင်းနှင့် ခွဲဝေသုံးစွဲခြင်းကိစ္စ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။