ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီးဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ယနေ့နံနက် ၉နာရီက နေပြည်တော်တွင် တွေ့ဆုံကာ ရခိုင်ပြည်နယ် အရေး၊ ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်း ဒေသများအခြေအနေများကို ဆွေးနွေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မစ္စယန်ဟီလီးက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ အတိုက်ခံရမှုကို အထူးအစီရင်ခံစာတင်သွင်းသူ တဦးအနေဖြင့် ပြင်းထန်စွာရှုတ်ချခဲ့ကြောင်း ဆိုခဲ့သလို၊ နယ်မြေရှင်း လင်းရေး၊ လုံခြံရေးဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထွက်ပေါ်နေသည့် စွပ်စွဲ ချက်များ နှင့် ပတ်သက် ၍လည်းကောင်း၊ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များ တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်းဆွေးနွေးကြတယ်လို့ သိရပါတယ်။
ထို့အပြင် ၂၁ရာစု ပင်လုံညီလာခံအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်း ကဏ္ဍမြှင့်တင်ရေး၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဆောင်ရွက်နေမှု၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့် အညီ ပြန်လည်သုံးသပ်ရေး၊ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအခြေအနေနှင့် လူသားချင်းစာနာထောက်မှု အကူအညီပေးရေးများကို ဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။