ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ပထမအကြိမ် ကြားဖြတ် အစီအရင်ခံစာကို ဖေဖော်ဝါရီလ အတွင်း ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိကြောင်း ကော်မရှင်ထံမှ သတင်းရရှိသည်။
ကော်မရှင်အနေဖြင့် ကြားဖြတ် အစီအရင်ခံစာ တင်သွင်းရန် ရခိုင်ပြည်နယ်သို့ လေ့လာရေးခရီး လေးကြိမ် သွားရောက်ခဲ့ပြီး လတ်တလော နောက်ဆုံး ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က “ကြားဖြတ် အစီအရင်ခံစာကို နောက် တလလောက် တင်မယ်၊ ပြည်သူကိုလည်း ချပြသွားမယ်၊ ဒီတခေါက် ရခိုင်ခရီးစဉ်ကလည်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ရရှိခဲ့ပါတယ်” ဟု ပြောသည်။
ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်များသို့ သွားရောက်ခဲ့သည့် နှစ်ရက်တာ ခရီးစဉ်အတွင်း ကော်မရှင် အနေဖြင့် ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများအပြင် ကမန်တိုင်းရင်းသား အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသခံများ၏ အခွင့်အရေး ဆုံးရှုံးနေမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး စီမံကိန်း အစီအစဉ်များကို ဆွေးနွေးဖြစ်ခဲ့ကြောင်း ဦးအေးလွင်က ပြောသည်။
ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ဦးလှမျိုးကျော်က “အဓိကအချက်က ဖွံ့ဖြိုးတိုးတက်ရေးပေါ့၊ ကျောက်ဖြူ အထူးစီးပွားရေးဇုံ အခြေအနေလည်း ဆွေးနွေးဖြစ်ခဲ့တယ်၊ နိုင်ငံသား ကိစ္စကတော့ ကျနော်တို့က ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အခြေအနေ အရပ်ရပ်နှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် နောက်ဆုံးအစီ အရင်ခံစာကို ကော်မရှင်သက်တမ်း မကုန်ဆုံးမီ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း တင်သွင်းမည် ဖြစ်ကြောင်းလည်း ကော်မရှင်ထံက သတင်းရရှိသည်။