ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မန်ဝိန်းကြီး ကျေးရွာ အနောက်တောင်ဘက် ၂၄မိုင်ခန့်အကွာ မံဂမ်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၂ ဌာနချုပ်စခန်းအပါအဝင် စခန်း ၃ခုအား တပ်မတော် မနေ့မနက်က သိမ်းပိုက်လိုက်ကြောင်း မြဝတီ သတင်းက ထုတ်ပြန်သည်။
အဆိုပါ စခန်းများကို တပ်မတော်မှ ဇန်နဝါရီ ၁၃ရက်နေ့က စတင်ချဉ်းကပ်တိုက်ခိုက်ရာမှ ဇန်နဝါရီ ၁၇ရက်နေ့ နေ့လည်ပိုင်းမှ စတင်ကာ လေကြောင်း၊ အမြောက်နှင့် လက်နက်ကြီးများ ပစ်ကူရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲများတွင် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိပဲ၊ KIA ဘက်မှ အလောင်းများ သိမ်းဆည်းရမိပြီး၊ လူနေ အဆောက်အဦ ၂၀၊ သစ်မျိုးစုံ ၁၀၈ တန်ခန့်၊ သစ်တင်ယာဉ် ၄ စီး၊ ဂျစ်ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး၊ ငွေစာရင်းစာအုပ်များ၊ ဆက်ကြေးကောက်ခံရရှိသည့် ပြေစာဖြတ်ပိုင်းများ၊ ၆၀ မမစိန်ပြောင်း ၁ လက်အပါအဝင် လက်နက်(၅)လက် နှင့် ခဲယမ်းအမြောက်အမြားတို့ အားသိမ်းပိုက်ရရှိကြောင်း သိရသည်။
KIA တပ်ရင်း ၁၂ သည် တပ်ရင်း ၂၇ နှင့် ပူးပေါင်းပြီး မံစီမြို့နယ် မန်ဝိန်းကြီး ကျေးရွာ၊ ကောင်းငုယန်၊ မံဂံ စသည့် ကျေးရွာတဝိုက်တွင် လှုပ်ရှားနေခြင်းဖြစ်ပြီး၊ သာလွန်အင်အားဖြင့် တပ်မတော်စစ်ကြောင်း များကို ဝင်ရောက်တိုက်ခိုက်လေ့ရှိကြောင်း မြဝတီသတင်းကဆိုသည်။
ယခုအခါ KIA ၏ အဓိကနေရာများကို ဆက်လက်ရှင်းလင်းနေကြောင်းသိရသည်။