ရခိုင်မြောက်ပိုင်း မွတ်ဆလင်အရေးနှင့် ပတ်သက်ပြီး မြန်မာအပေါ် ဖိအားပေးဖို့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးကို မလေးရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်က ရခိုင်မြောက်ပိုင်းက မွတ်ဆလင်အရေးကို မဖြေရှင်းရင် အရှေ့တောင် အာရှ နိုင်ငံတွေမှာ ဒုက္ခသည်တွေ စုံပုံနေရုံသာမက၊ ဒီအရေးကို အကြောင်းပြုပြီး IS လို အကြမ်းဖက် သမားတွေရဲ့ ခြေကုတ်ဖြစ်လာမယ်လို့ သတိပေးပြောကြားခဲ့ပြီး၊ ၂၀၁၅ တုန်းကလို လှေစီးဒုက္ခသည် အရေးလို ဖြစ်လာမှာကို ရှောင်ဖို့ အိမ်နီးချင်နိုင်ငံတွေကို ပြောခဲ့ကြောင်းလည်းဆိုပါတယ်။
အဖွဲ့ဝင် ၅၇နိုင်ငံပါဝင်တဲ့ OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကြီးရဲ့ အစည်းအဝေး ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။
ဒါအပြင် နာဂျစ်က မလေးရှားအနေနဲ့ ရခိုင်ဒေသမှာ ကျောင်း၊ ဆေးရုံအပါအဝင် အခြေခံအဆောက်အုံ တွေတည်ဆောက်ဖို့ မလေးရှား ရင်းဂစ် ၁၀သန်းပေးမယ်လို့လည်း ပြောပါတယ်။
မလးရှားမှာ မြန်မာပြည်က မွတ်ဆလင်ဒုက္ခသည် ၅၆၀၀၀ခန့်ရှိတယ်လို့ သိရပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကမွတ် ဆလင် တွေအပေါ် အကြမ်းဖက်နေတာတွေကို ရပ်တန့်ဖို့နဲ့ ဒုက္ခသည်တွေ လုံခြုံဘေးကင်းစွာ မျှော်လင့်ကြောင်း မနေ့က ပြောဆိုလိုက်ပါတယ်။