ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း၊ မုံးကိုးမြို့နယ်အတွင်း ၁ လကျော်ကြာ ပျောက်ဆုံး နေသည့် ကချင် သင်းထောက်ဆရာ ၂ ဦးကို တပ်မတော်က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က သတင်း ထုတ်ပြန်လိုက်သည်။
ကချင်သင်းထောက် ဆရာ ၂ ဦးမှာ ဦးဒွယ်ဒေါ့နောင်လတ် နှင့် ဦးဂမ်ဆိုင်းတို့ ဖြစ်သည်။ ဦးဒွယ်ဒေါ့ နောင်လတ်မှာ အသက် ၆၂ နှစ် ရှိပြီဖြစ်ပြီး မုံးကိုးမြို့၊ ကချင်နှစ်ခြင်း အသင်းတော်၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဦးဂမ်ဆိုင်းမှာလည်း သင်းထောက်ဆရာ တဦးဖြစ်သည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် အဆိုပါ ကချင် သင်းထောက်ဆရာ ၂ ဦး မှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားထားသည့် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု အဖွဲ့ကို ငွေကြေး ထောက်ပံ့ကူညီခြင်း၊ သတင်းပေးခြင်း၊ လူသစ် စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းများ ပြုလုပ်ကြောင်း ရေးသားထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် အဆိုပါ ကချင်သင်းထောက်ဆရာ ၂ ဦးကို မုံးကိုးမြို့အတွင်း ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး တပ်မတော်၏ အမာခံ သတင်းပေးများ လုံခြုံရေး အခြေအနေအရ သတင်းပေါက်ကြားမှု မရှိစေရန် ထိန်းသိမ်းထားပြီး ယခုမှ ထုတ်ပြန်ကြေညာရခြင်း ဖြစ်သည်ဟု ပါရှိသည် ။
ဖမ်းဆီးထားသည့် သင်းထောက်ဆရာ ၂ ဦးကို ဥပဒေ လုပ်ထုံးလုပ်နည်းများအရ စစ်ကြောမေးမြန်းချက်များ အရ ဦးဒွယ်ဒေါ့နောင်လတ်မှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၆) ဆုတောင်းပွဲ၊ တာဝန်ခံ လွှဲပြောင်းပွဲကို သွားခဲ့ကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများကို ငွေကြေးထောက်ပံ့ခြင်း၊ ပြည်ပမီဒီယာများ နှင့် ချိတ်ဆက်၍လည်း တပ်မတော်ကို အထင်မြင်လွဲမှားအောင် လုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်ကို စစ်ဆေး မေးမြန်းရရှိသည်ဟု တပ်မတော်က ဆိုသည်။
ထို့ကြောင့် သင်းထောက်ဆရာ ၂ ဦးကို တပ်မတော်က သက်ဆိုင်ရာ ရဲစခန်းသို့ လွှဲပြောင်းပြီး တရားဥပေဒ အရ ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းတို့ ၂ ဦးမှာ မုံးကိုးမြို့အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က ဒေသခံများ၏ အခြေအနေများ၊ တပ်မတော်က လေကြောင်း အသုံးပြု ဗုံးကြဲခြင်းများ ပြုလုပ်သဖြင့် ဘုရားကျောင်းများ ပျက်စီခဲ့ခြင်းများကို မီဒီယာတချို့သို့ အင်တာဗျူးပေးခဲ့ပြီး သတင်းထောက် တချို့ကိုလည်း မုံးကိုးဒေသအတွင်း လှည့်လည် ပြသခဲ့သူများ ဖြစ်သည်။
ထို့အပြင် ဒီဇင်ဘာလ ၉ ရက်က လူ့အခွင့်အရေးအဖွဲ့မှ တိုက်ပွဲများနှင့် ပတ်သက်၍ လာရောက် စုံစမ်းစဉ် ကလည်း ၎င်းတို့ ၂ ဦးက လိုက်လံကူညီပေးခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက်မှ စ၍ မုံးကိုးမြို့၊ တပ်မတော်၊ တပ်ဖွဲ့များ ရှိသည့် တပ်ကုန်းအနီး ပျောက်ဆုံး သွားသဖြင့် မိသားစုနှင့် ကချင်နှစ်ခြင်း အသင်းတော်မှ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။