သတင်းတို

ကွတ်ခိုင်ရှိ ရွာတချို့ လက်နက်ကိုင် အဖွဲ့တံဆိပ်တွေ့ရှိက အရေးယူမည်ဟု အမိန့်ထုတ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသ ပန်ကိုင်ကျေးရွာအုပ်စု ဟိုဇီးကျေးရွာအတွင်း လက်နက်ကိုင် အဖွဲ့ များနှင့် ပတ်သက်သည့် တံဆိပ်များတွေ့ရှိပါက အရေးယူမည်ဟု တပ်မတော်က အမိန့် ထုတ်ထားကြောင်း ဒေသခံများ က ပြောသည်။

အစိုးရ ခြေလျင် တပ်ရင်း (ခလရ) ၁၂၃ ၏ ဇန်နဝါရီ ၂၃ ရက်နေ့ရက်စွဲဖြင့် အကြောင်းကြားစာတွင် အကြမ်းဖက် သောင်းကျန်းသူများနှင့် သက်ဆိုင်သည့် သောင်းကြမ်းသူအဖွဲ့ အမှတ်တံဆိပ်(ဝတ်စုံ) ၊ စာစောင်များ၊ ပြက္ခဒိန် စသည် တို့အား တပ်ဆင်ထားရှိခြင်း တွေ့ရှိပါက ဥပဒေအရ ဖမ်းဆီး စစ်ဆေးခံရမည်ဖြစ်ပြီး ထွက်ပြေးရန်ကြိုးပမ်းပါက ပစ်ခတ် ဖမ်းဆီးမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။

ဟိုဇီးကျေးရွာမှ ဦးလနန်က “သူတို့က စာထုတ်တော့ အလံပုံပါတဲ့  အကျၤီတွေ ဖွက်ထားရမယ့် ပုံစံ ဖြစ်နေပြီ၊ ကလေး တွေလည်း မဝတ်ရဲတော့ဘူး၊ စားဝတ်နေရေးလည်း ခက်ခဲတဲ့အချိန်မှာ ဒီကြေညာချက် က ပိုခက်ခဲစေတယ်၊ အလုပ် ထဲ ဆင်းရင်း သူတို့နဲ့တွေ့မှာတောင် ကြောက်နေရပြီ”ဟု ပြောသည်။

လက်ရှိ ဟိုဇီးကျေးရွာတွင် အိမ်ခြေ ၂၂ အိမ်သာရှိပြီး ကချင်လူမျိုးများ နေထိုင်ကာ ပန်ကိုင်ကျေးရွာ အုပ်စုတခုလုံးတွင် ကချင်၊ ပလောင်၊ ခိုလုံ-လီရှော တိုင်းရင်းသားများ အများစုနေထိုင်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း ဟိုဇီးကျေးရွာရှိ နေအိမ်တချို့အား တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်း အဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဦးလနန် က ပြောသည်။

လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးဘေးတွင် တည်ရှိသည့် ၎င်းဒေသဝန်းကျင်တွင် ကချင် အမျိုးသား လွတ်လပ် ရေး တပ်မတော်(KIA)နှင့် ပလောင်(တအာင်း)အမျိုးသား လွတ်မြောက် ရေးတပ်မတော်(TNLA) တပ်ဖွဲ့များ လှုပ်ရှား လျက်ရှိပြီး တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

KIA နှင့် TNLA တပ်ဖွဲ့တို့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့သည့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်ပြီး တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့များလည်း ဖြစ်သည်။

ဟိုဇီးကျေးရွာ အပါအဝင် အနီးရှိရွာများအား ၁၉၉၁ ခုနှစ်ခန့်က ပန်ကိုင်ကျေးရွာအုပ်စုအဖြစ် အုပ်ချုပ်ရေးပိုင်းက စုစည်းစေခဲ့ပြီး ဒေသခံများ၏ ရွာဟောင်းများရှိ လယ်မြေများလည်း သိမ်းဆည်းခံရခြင်းများ ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ အမိန့် အကြောင်းကြားစာ ထုတ်ပြန်မှုများသည် ၃ ကြိမ်ခန့်ရှိပြီဟု သိရသော်လည်း ယခုတကြိမ်သာ တရားဝင်စာ လက်ခံရရှိခြင်း ဖြစ်ကြောင်း ဟိုဇီးကျေးရွာနေ ဦးလနန်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading