သတင်းတို

တရုတ်လုပ် ရေငုပ်သင်္ဘောဝယ်ဖို့ ထိုင်းလွှတ်တော် အတည်ပြု

ထိုင်းဘုရင့်ရေတပ်မတော်အနေနဲ့ တရုတ်လုပ် ရေငုပ်သင်္ဘော ၁စီး စတင်ဝယ်ယူဖို့ အတွက် ထိုင်းအမျိုးသား လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။

ဘုရင့်ရေတပ်မတော် ပြောခွင့်ရ Jumpol Loompikanon၏ ပြောဆိုချက်အရ ရေငုပ်သင်္ဘောဝယ်ယူဖို့ ထိုင်းဘတ် ၁၃.၅ ဘီလျံကို ၂၀၁၇ ခုနှစ် ဘတ်ဂျက်မှာ ဝယ်ယူဖို့ အတည်ပြုပေးလိုက်တာဖြစ်ပြီး၊ ဒီရေငုပ်သင်္ဘောဟာ ၆နှစ်အတွင်းမှာ တပ်တော်ဝင်ဖို့ အဆင်သင့်ဖြစ်မယ်လို့ ဆိုပါတယ်။
ထိုင်းရေတပ်ဟာ တရုတ်လုပ် Yuan အမျိုးအစား S 26 T ၃စီးဝယ်ယူဖို့ရည်ရွယ်ထားတဲ့အစီအစဉ် ထဲက ဒါဟာ ပထမဆုံးတစီးဖြစ်ပါတယ်။

ထိုင်းရေတပ်ရဲ့ ရေငုပ်သင်္ဘောဝယ်ယူမှု အစီအစဉ်ကို ထိုင်းလူထုက တခြားအကျိုးရှိတဲ့နေရာမှာ သုံးဖို့ ပြောဆို ကန့်ကွက်မှုတွေလည်း ရှိခဲ့သလို၊ တချို့ကလည်း ဝယ်ယူဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ရေငုပ်သင်္ဘောဝယ်ယူရေးနဲ့ ပတ်သက်ပြီး မေးခွန်းအမျိုးမျိုးထုတ်ခြင်းခံရပေမယ့် ရေတပ်ကတော့ ထိုင်းအမျိုးသား အကျိုးစီးပွားနဲ့ အိမ်နီးချင်းတိုင်းပြည်များရဲ့ ရေတပ်စွမ်းရည်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်လုပ်အသေးစား ရေငုပ်သင်္ဘောလေးစီးရှိခဲ့ပေမယ့် ၁၉၅၁ ခုနှစ်မှာတော့ အနားပေးခဲ့ပါတယ်။

အခုဝယ်ယူမယ့် တရုတ်လုပ် S 26 T ဟာ တန် ၂၆၀၀ရှိပြီး၊ ရေထဲမှာ ၃ပတ်ခန့်နေနိုင်တယ်လို့ ရေတပ်သတင်းတွေအရသိရပါတယ်။

အခုပထမဆုံးတစီးဟာ နောက်ထပ်ဝယ်ယူမယ့် ၂စီးထက် ပိုမိုကုန်ကျမှာဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် လက်နက်တပ်ဆင်ရေး၊ လေ့ကျင့်ရေးများ၊ ထိန်းသိမ်းရေးများနဲ့ တရုတ် ရေတပ်သားများကို ခေါ်ယူရတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းသတင်းတွေအရတော့ မလေးရှားရေတပ်မှာ ရေငုပ်သင်္ဘော ၂စီး၊ စင်ကာပူက ၄စီး၊ ဗီယက်နမ် ၆စီး ၊ အင်ဒိုနီးရှားကတော့ ဂျာမန်လုပ် ရေငုပ်သင်္ဘော ၂စီးကို အစားထိုးဖို့ တောင်ကိုရီးယားက ရေငုပ်သင်္ဘောအသစ် တွေဝယ်ယူဖို့ လုပ်နေပါတယ်။

တောင်အာရှ တနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကလည်း ယခုနှစ်ကုန် ဒီဇင်ဘာအတွင်းက တရုတ်လုပ် Type 035 ရေငုပ်သင်္ဘော ၂စီး တပ်ဆင်ခဲ့ပါတယ်။

Loading