လာမည့် ဖေဖော်ဝါရီလတွင် ပြုလုပ်မည့် ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဘက်မှ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးဖြစ်သည့် အမေရိကန် -ပစိဖိတ်ဒေသ စစ်ဌာနချုပ်မှ ရေတပ် ဗိုလ်ချုပ်ကြီး ဟယ်ရီဟာရစ် တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ဒါဟာ ၂၀၁၄ခုနှစ် ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အမေရိကန်ဘက်မှ အဆင့်မြင့်အရာရှိ ကြီး တဦးတက်ရောက်တာဖြစ်ပါတယ်။
Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖေါ်ဝါရီလ ၁၄ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး၊ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ဗိုလ်ချုပ်ကြီး ဟယ်ရီဟာရစ် တက်ရောက်မှာကို အတည်ပြုပြောကြား ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဟယ်ရီဟာရစ် တက်ရောက်ဖို့ အစီအစဉ်ကို အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် စီစဉ်ခဲ့တာဖြစ်ပြီး၊ ဒါဟာ အရေးပါတဲ့ လက္ခဏာ တရပ်ဖြစ်တယ်လို့ ထိုင်းစစ်တပ်က မြင်ပါတယ်။
“ဒါဟာ ထိုင်း- အမေရိကန် ဆက်ဆံရေးအတွက် ကောင်းတဲ့လက္ခဏတခုပါ၊ ဒီဒေသနဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ အရေးကြီးတယ်ဆိုတာကို ပြသတာဖြစ်တယ်လို့ ထိုင်းဗိုလ်ချုပ်ကြီး သန်ချိုင်ယန်က ဆိုပါတယ်။
ထိုင်း- အမေရိကန်ဆက်ဆံရေးဟာ ၂၀၁၄ခုနှစ် ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အနည်း ငယ်ယို့ယွင်းလာပြီး၊ အမေရိကန်အနေနဲ့ ထိုင်းစစ်အစိုးရဲ့ ဒီမိုကရေစီအပေါ်ထားရှိမှုနဲ့ ပတ်သက်ပြီး ဖိအားပေးဖို့ သူတို့ရဲ့ အာရှမှာ ပုံမှန်ပြုလုပ်နေတဲ့ Cobra Gold နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကြီးကို လျော့ချခဲ့ပါတယ်။
ထိုင်းစစ်အစိုးရအနေနဲ့လည်း တရုတ်နဲ့ ပိုမိုနီးစပ်စွာ ဆက်ဆံလာတာကို မြင်တွေ့ရပါတယ်။
အမေရိကန်သံရုံး ပြောခွင့်ရ Melissa Sweeney ကတော့ နောက်တက်လာမယ့် ရွေးကောက်ခံ အရပ် သား အစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်နေကြောင်း ဆိုပါတယ်။
အမေရိကန်သံရုံးက Cobra Gold စစ်ဆင်ရေးဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေး ကိုကြည့်ပြီး ပြန်လာလိမ့်မယ်လို့ ဆိုပါတယ်။
ထိုင်းစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ တဆင်တက်ခဲ့ပေမယ့် တရုတ်ဘက်ကို ပိုမိုယိမ်းလာတာကို တွေ့ရပါတယ်။
အခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်မှုထမ်း ၃၅၀၀ ပို့သွားဖို့ ရှိပြီး၊ နိုင်ငံပေါင်း ၂၉နိုင်ငံက စစ်သည် ၈၃၃၃ ဦးပါဝင်မယ်လို့ သိရပါတယ်။
Cobra Gold စစ်ဆင်ရေးကို ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တာဟာ ၁၉၈၂ ခုနှစ်ကတည်းက ဖြစ်ပြီး၊ မြန်မာနိုင်ငံက ၂၀၁၃ ခုနှစ်မှာ စတင်ပြီးတော့ လူသားချင်း စာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး နှင့် ပတ်သက်သည့် လေ့ကျင့်မှု အပိုင်းကို ဗိုလ်ချုပ် ရာထူး အဆင့်ရှိ စစ်ဘက် အရာရှိနှစ်ဦးတို့စေလွှတ်လေ့လာခွင့်ရခဲ့တာဖြစ်ပါတယ်။