မက္ကဆီကိုနယ်စပ် တံတိုင်းကာရံမှုနှင့် ပတ်သက်ပြီး ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး မက္ကဆီကိုမှ တင်ပို့ကုန်များ အပေါ် ၂၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သမ္မတသစ်ဒေါ်နယ်ထရမ်၏ အိမ်ဖြူတော် ပြောခွင့်ရက Sean Spicerက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုနယ်စပ်တွင် တံတိုင်းခတ်ရန် အမိန့်ထုတ်ပြန်ပြီး ကုန်ကျ စရိတ်ကို မက္ကဆီကိုမှ ပေးရန် ပြောဆိုမှုကို မက္ကဆီကိုသမ္မတက ငြင်းဆိုလိုက်ပြီးနောက် အမေရိကန်ဘက်မှ ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အကယ်၍ မက္ကဆီကိုအနေဖြင့် ကုန်ကျစရိတ်ပေးဖို့ မလိုလားဘူးဆိုရင် လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လုပ်မယ့် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံကာ လူဝင်မှုပြဿနာ၊ ကုန်သွယ်ရေးနဲ့ မူးယစ်ဆေးဝါး စစ်ပွဲများနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ့် အစည်းဝေးကို ဖျက်သိမ်းမယ်လို့ လည်း တုံ့ပြန်လိုက် သလို မက္ကဆီကိုု သမ္မတ အင်းနရီ ပီနာ နက်တိုကလည်း သမ္မတ ဒေါ်နယ်ထရမ်နဲ့ တွေဆုံဖို့ ဖျက်သိမ်းလိုက်ပါ တယ်။
အမေရိကန်နဲ့ မက္ကဆီကိုကြားမှာ ကုန်သွယ်ရေးလိုငွေ အမေရိကန်ဒေါ်လာ ၆၀ ဘီလျံခန့်ရှိပြီး၊ အမေရိကန်မှာ အလုပ်လက်မဲ့တွေ ပေါများတာ၊ ကုမ္ပဏီတွေဖျက်သိမ်းရတာရဲ့ အရင်းအမြစ်ဟာ မြောက်အမေရိက လွတ်လပ် စွာ ကုန်သွယ်ရေး သဘောတူညီချက်(NAFTA)ကြောင့်ဖြစ်တယ်လို့လည်း သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Twitter မှာရေးသားခဲ့ပါတယ်။
မက္ကဆီကို စီးပွားရေးဝန်ကြီး အယ်ဒီဖွန်ဆို ဂွာဂျာဒိုကတော့ ပို့ကုန်ကို အခွန်တိုးကောက်မယ်ဆိုရင် အမေရိကန် စားသုံးသူတွေဟာ ဈေးနှုန်းကြီးမြင့်တာကို ကြုံရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။