လူသားချင်း စာနာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ ၂၂ ဖွဲ့တို့က နိုင်ငံမြောက်ပိုင်းရှိ လူမျိုးစု လက်နက်ကိုင်များနှင့် တိုက်ခိုက်နေသော တိုက်ပွဲများ ရပ်စဲပေးရန်နှင့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ၏ အရေးပေါ် လိုအပ်ချက်များကို အာရုံစိုက် ဆောင်ရွက်ပေးရန် အစိုးရအား တောင်းဆိုလိုက်သည်။
ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန် ဖြန့်ေ၀ ခဲ့သော ထိုကြေညာချက်ကို လက်မှတ်ရေးထိုးသော အဖွဲ့များတွင် International Rescue Committee, Oxfam, Plan International နှင့် Save the Children တို့လည်း ပါဝင်သည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် အစိုးရတပ်များ၏ လေကြောင်းနှင့် လက်နက်ကြီးများ သုံးပြု တိုက်ခိုက်ခြင်း၊ နိုဝင်ဘာလမှစ၍ ပြင်းထန်သော တိုက်ပွဲများကြောင့် ဒေသခံ တိုင်းရင်းသားများ စစ်ဘေးရှောင် ထွက်ပြေး နေရသည်။ အစိုးရတပ်များသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်တောင်းခံနေသော ကချင်နှင့် အခြားလူမျိုးစု ၃ စု လက်နက်ကိုင်တပ်များကို တိုက်ခိုက်နေခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ ဒေသသို့ လူသားချင်း စာနာမှု အကူအညီများ ပေးပို့နေသည်များကို အစိုးရစစ်တပ်က ဖြတ်တောက် ပိတ်ဆို့ထားသည်ဟု ကချင်တက်ကြွ လှုပ်ရှားသူများက စွပ်စွဲသော်လည်း ထိုစွပ်စွဲချက်ကို စစ်တပ်က ငြင်းပယ်ထားသည်။ ။