အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ ရုရှားသမ္မတပူတင်နဲ့ ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် ပြောဆိုမှုပြုလုပ်ကာ၊ IS အကြမ်းဖက်အဖွဲ့ ပြသနာ၊ ယူကရိန်းအရေးနဲ့ နှစ်နိုင်ငံ စီးပွားရေးဆက်သွယ် မှုတွေကို ပြောဆိုခဲ့ကြောင်း ရုရှားသတင်းမှာဖော်ပြပါတယ်။
ရုရှားကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ရုရှား- အမေရိကန်ဆက်ဆံရေးကို နှစ်နိုင်ငံ အကျိုးစီးပွားအခြေခံကာ အပြုသဘောဆောင်သော၊ တရားမျှတသော ပူးပေါင်းဆောင်ရွက်ရေးနှင် တည်ငြိမ်ရေးကို ပူးတွဲလုပ်ဆောင်ရန် နှစ်နိုင်ငံလုံးက ပြောဆိုကြောင်းသိရပါတယ်။
အမေရိကန်သမ္မတအိမ်ဖြူတော်ကလည်း ယခုပြောဆိုမှုကို အကောင်းမြင်ပြီး အမေရိကန်နှင့် ရုရှား အကြား ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့လိုအပ်ကြောင်းဆိုပါတယ်။
နှစ်နိုင်ငံလုံးဟာအကြမ်းဖက်မှုပြဿနာနဲ့ တခြားသော အရေးကြီးကိစ္စရပ်တွေကို အမြန်ဆုံး ကိုင်တွယ်နိုင်မယ်လို့ မျှော်နေတယ်လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဆီးရီးယားမှာ ရှိတဲ့ IS အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းတွေအပေါ် ရုရှားနဲ့ အမေရိကန်ကိုင်တွယ် အရေးယူနေတဲ့ တကယ့်အခြေအနေမှန်ကိုလည်း ပြောဆိုခဲ့တယ်လို့ ရုရှားကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ဒါအပြင် ယူကရိန်းအရေး၊ အစ္စရေး- ပါလက်စတိုင်းပြဿနာ၊ အီရန်နျူကလီးယားအခြေအနေကို ဆွေး နွေးပါတယ်။
အလားတူ ရုရှား- အမေရိကန်ခေါင်းဆောင်တွေဟာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုကို ပြန်လည်ထိန်း သိမ်းဖို့နဲ့ နှစ်နိုင်ငံအကြားဆက်ဆံရေးဆက်လက်တိုးတက်ဖို့ကိုလည်း လုပ်ဆောင်ဖို့လိုအပ်ကြောင်း ပြောဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားပြည်သူတွေ ပျော်ရွင်စွာနဲ့ ကြွယ်ဝချမ်းသာဖို့ ဆုတောင်း သလို၊ အမေရိကန်ပြည်သူတွေအနေနဲ့ ရုရှားပြည်သူတွေနဲ့ နွေးနွေးထွေးထွေး ရှိဖို့ ပြောဆိုခဲ့သလို၊ သမ္မတပူတင်ကလည်း သူ့အနေနဲ့လည်း ရုရှား- အမေရိကန်ပြည်သူများအကြား ပိုမိုနီးကပ်စွာ ဆက်ဆံဖို့ စိတ်ခံစားချက်ရှိကြောင်းဆိုပါတယ်။
သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက်မှာ ပထမဆုံးအကြိမ် ရုရှားခေါင်းဆောင်နဲ့ ဖုံးဆက်သွယ်ပြော ကြားခြင်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ် အာဏာရရှိလာချိန်ကစပြီး သူကြွေးကြော်ထားခဲ့တဲ့ သမ္မတဟာင်း အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဖျက်သိမ်းလိုက်သလို၊ မလိုအပ်တဲ့ကုန်သွယ်ရေး သဘောတူညီချက်တချို့လည်း ဖျက်သိမ်းခဲ့ပါတယ်။
အလားတူ မက္ကဆီကိုနယ်စပ်မှာာ တံတိုင်းခတ်ဖို့လည်း စီစဉ်နေပြီး၊ ဒုက္ခသည်များ အမေရိကန်နိုင်ငံထဲ ဝင်ရောက်မှုကို ပိတ်ပင်လိုက်သလို၊ မွတ်ဆလင်တိုင်းပြည် ၆နိုင်ငံက လာရောက်လည်ပတ်သူတွေကို လည်း ဗီဇာထုတ်ပေးမှုကို ၃လရပ်ဆိုင်းထားပါတယ်။