ထိုင်း ဒုဝန်ကြီးချုပ် Somkid Jatusripitak ဦးဆောင်တဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ဟာ လာမည့် ဖေဖေါ်ဝါရီ ၃ရက်၊ ၄ရက်တွင် မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် မြန်မာ အာဏာပိုင်တွေနဲ့ တွေ့ဆုံကာ နယ်စပ်ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာ စက်မှုဇုန်တည်ထောင်ရေးအတွက် ဆွေးနွေးဖို့ လာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ထိုင်း စီးပွားရေးအဖွဲ့မှ စွမ်းအင်ကုမ္ပဏီ PTT၊ Siam Cement အုပ်စုနှင့် Kanchang Plc (CK) တို့ပါဝင်မှာဖြစ်ပြီး၊ ထိုင်းစက်မှုဇုန်အာဏာပိုင်အဖွဲ့ (IEAT) အကြီးအကဲ Uttama က မြန်မာနိုင်ငံမှာ စက်မှုဇုန်အသစ်တည်ဆောက်ဖို့ ပူးပေါင်း ရှာဖွေဖော်ဆောင် မှာဖြစ်တယ်လို့ ထိုင်း စက်မှုဝန်ကြီး Uttama Savanayanaက ဆိုပါတယ်။
“ထိုင်းနိုင်ငံ ပြင်ပမှာ စက်မှုဇုန်စီမံကိန်းလုပ်ဖို့အတွက် IEAT ရဲ့ခွင်ပြုချက်ရဖို့ ကျနော်တို့ ထိုင်းဥပဒေ တချို့ကို ပြင်ဆင်ဖို့တော့ လိုမယ်၊ အဲဒီအတွက် ကျနော်တို့ဆီက ဘာတွေလိုမယ်ဆိုတာကို နားလည် ထားဖို့အတွက် လုပ်ဖော်ကိုင်ဖက် မြန်မာတွေနဲ့ စကားအရင်ပြောဖို့လိုပါမယ်” လို့ သူကဆိုပါတယ်။
ဒါ့အပြင် မြန်မာ့စီးပွားရေးဟာ ခေတ်သစ်ကို ဝင်ရောက်လာပြီဖြစ်ပြီး၊ စက်မှုလုပ်ငန်းဟာ အဓိက အခန်း ကဏ္ဍမှရှိနေတယ်လို့ မျှော်လင့်ရကြောင်း၊ မြန်မာရဲ့ စက်မှုလုပ်ငန်းအခန်းကဏ္ဍကို တိုးတက် အောင် ထိုင်းတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ကူညီဖို့ လိုကြောင်းလည်း သူကပြောပါတယ်။
မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ ထိုင်းစက်မှုဖက်ဒရေးရှင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ စက်မှုလက်မှုဘဏ်(JSCCIB) တို့က လည်းပါဝင်မယ်လို့ သိရပါတယ်။