ရှေ့နေ ဦးကိုနီနှင့် ယာဉ်မောင်း ဦးနေဝင်းတို့ သေဆုံးခဲ့ရသည့် လုပ်ကြံမှုအပေါ် ရှုတ်ချကြောင်းနှင့် လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေသူများအပေါ် အကြမ်းဖက်မှုမှာ စက်ဆုပ်ဖွယ် ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်ရန်လည်း ကိုဖီအာနန်က တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်က မနေ့က ထိုသို့ ထုတ်ပြန်ပြောဆို လိုက်ခြင်းဖြစ်ပြီး၊ မတူကွဲပြားမှုများ ရှိနေသည့်တိုင် အပြန်အလှန်ပြောဆိုဆွေးနွေးခြင်းနှင့်သည်းခံ ခြင်းတို့ဖြင့်သာ ရှေ့ဆက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဖြစ်ရပ်တွင် အသက်သေဆုံးခဲ့ရသူများ၏ မိသားစုများထံသို့ ဝမ်းနည်းစကားပြောကြားလိုကြောင်းလည်း ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) ပါတီ ဥပဒေအကြံပေးရှေ့နေ ဦးကိုနီမှာ ဇန်နဝါရီ ၂၉ ရက်ညနေပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှေ့တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခံခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ထွက်ပြေးသည့် သေနတ်သမားအား လိုက်လံဖမ်းဆီးစဉ် လေဆိပ်တက္ကစီယာဉ်မောင်း ဦးနေဝင်းမှာလည်း သေနတ်ဖြင့် ပစ်ခံရကာ သေဆုံးခဲ့ရသည်။