သတင်းတို

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး တရုတ်ကူမည်

ရခိုင်ပြည်နယ် မြောက်ဦးဒေသအား ကမ္ဘအမွေအနှစ် စာရင်းတင်သွင်းရေးအတွက် တရုတ်နိုင်ငံ Department of Urban Planning, School of Architecture , Southeast University မှာ ပါမောက္ခ Dong Wei ဦးဆောင်သော ပညာရှင်များ၊ ဗိသုကာကျောင်းသားများ ပါဝင်သည့် ၁၂ ဦးအဖွဲ့ဟာ မြောက်ဦးဒေသရှိ နန်းတော်ဟောင်းနေရာနှင့် ဘုရားပုထိုးတချို့အတွက် 3D Modelling နှင့် architectural survey အသေးစိတ်ပြုလုပ်ခြင်း၊ သမိုင်းဆိုင်ရာအထောက်အထား များခွဲခြမ်းလေ့ လာခြင်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်မှ ၂၇ရက်အထိ ဆောင်ရွက်ခဲ့ပြီး၊ မြောက်ဦးဒေသ ၏အဓိကဧရိယာအတွက် မြေပုံကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဌာနမှ သိရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာမှာ လိုအပ်တဲ့ အချက်များနှင့် ပြည့်စုံရေးအတွက် ၂၀၁၆ခုနှစ် ကတည်းက စတင်လုပ်ဆောင်လာရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း UNESCO အဖွဲ့မှ တာဝန်ရှိသူများလည်း လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့သေးသည်။

မြန်မာနိုင်ငံ၌ ပျူမြို့ဟောင်း များဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟံလင်းတို့ကို ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် UNESCO က အသိအမှတ်ပြုခဲ့ပြီးနောက်မှာ ယင်းအတွေ့အကြုံကို ရယူကာ မြောက်ဦးဒေသနှင့် ပုဂံရှေးဟောင်းဇုန်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး လုပ်ဆောင် နေခြင်းဖြစ်သည်။

Loading