စင်ကာပူနိုင်ငံ၌ အမျိုးသမီးတဦးကို ကာယအိနြေ္ဒပျက်ပြားအောင် ကိုယ်ထိလက်ရောက်စော်ကားသည့် ဆော်ဒီ အာရေဗီးယားသံတမန်တဦးအား တရားရုံးက ကြိမ်ဒဏ် ၄ချက်နဲ့ ထောင်ဒဏ် ၂၆လ ကျခံဖို့ မနေ့က ချမှတ်လိုက်ကြောင်း Channel News Asia သတင်းက ဆိုပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူဟာ တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် ဆော်ဒီအာရေဗီးယားသံရုံးမှ အသက် ၃၉နှစ်အရွယ် သံမှူး Bander Yahya A. Alzahrani ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် သြဂုတ်လက မိန်းမအပါအဝင် ကလေး ၃ဦးနဲ့ အတူ စင်ကာပူ ဆန်တိုစာကျွန်းက ဇိမ်ခံဟိုတယ်တွင် တည်းခိုနေစဉ် အသက် ၂၀အရွယ် ဟိုတယ်ဝန်ထမ်း အမျိုးသမီး ကို ရေချိုးခန်းမှာ ချောင်ပိတ်ကာ ၁၅မိနစ်ခန့် နမ်းရှုပ် စမ်းသပ်ကိုင်တွယ်ခဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ သံတမန် Alzahrani ဟာ တရားရုံးမှာ အမေရိကန်ဒေါ်လာ ၂သောင်းတန် အာမခံရယူခဲ့ပြီး၊ ဒီအမှုမှာ မျက်မြင်သက်သေမရှိတဲ့အတွက် အပြစ်မရှိ ကြောင်း လျှောက်လဲခဲ့ပေမယ့် တရားသူကြီး Lee Poh Choo က ပယ်ချခဲ့ပါတယ်။
တရားသူကြီးက “သူ့ရဲ့အပြုအမူက ဘာကိုရည်ရွယ်တယ်ဆိုတာ သူသိပါတယ်” လို့ဆိုလိုက်သလို၊ လိင်ပိုင်း ဆိုင်ရာစော်ကားခံရသူ အမျိုးသမီးဟာလည်း အဲဒီအဖြစ်အပျက် ပြန်ပြောင်းသတိရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုဖြစ်စေကာ တရားခွင်မှာ ငိုကြွေးခဲ့တယ်လို့ လည်းဆိုပါတယ်။
စင်ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ သူတပါးပစ္စည်း ဖျက်ဆီးမှု၊ ဗီဇာရက်ကျော်လွန် နေထိုင်မှုများနဲ့ ပတ်သက်ရင် ကြိမ်ဒဏ်သတ်မှတ်ထားပြီး ၁၉၉၄ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အမေရိကန်လူငယ် မိုက် ကယ်ဖေးဆိုသူဟာ ကားများကို မှုတ်ဆေးတွေနဲ့ ပက်ဖျန်းတဲ့အတွက် ကြိမ်ဒဏ်ရိုက်ခံရခြင်းဟာ ထင်ရှားတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။