လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံ အသုံးပြုရန် သင့်၊ မသင့် နေပြည်တော်တွင် ကျင်းပသည့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
“မဲဆန္ဒရှင် ကိုယ်စားလှယ်လောင်းတွေရဲ့ ပန်းဖလက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသင့်လား၊ မပါသင့်လား ဆွေးနွေးကျတော့ ၂၀၁၅ မှာ ကြံ့ခိုင်ရေးကလည်း ဦးသိန်းစိန်ပုံ သုံးတယ်လို့။ အဲဒါတော့ ရှိတယ်။ သို့သော်လည်း သတိနဲ့တော့ လုပ်ကျလို့ ပြောလိုက်တယ်။ ပါတီအလံနဲ့ ပါတီဆောင်ပုဒ်ကတော့ သုံးလို့ရတယ်”ဟု အစည်းအဝေးအပြီး ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ခဲ့စဉ်က ကဲ့သို့ ဆောင်ပုဒ် ထုတ်ခြင်း၊ ရွေးကောက်ပွဲ ကြေညာစာတမ်းများ ထုတ်ဝေခြင်းတို့ကို ပြုလုပ်တော့မည် မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ခဲ့စဉ်ကအတိုင်းသာ ပြန်လည် အသုံးပြုမည်ဟု NLD ပါတီထံမှ သိရသည်။