သတင်းတို

ဧရာဝတီတိုင်းလွှတ်တော် ကျပ်သန်း ၅ ထောင် အသုံးပြု တည်ဆောက်မည်

ပုသိမ်မြို့၊ မိုးလေဝသဌာနအနီး တည်ရှိသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုညွှန်ချုပ်နှင့် ညွှန်ကြားရေးမှူးများ နေထိုင်သည့်အိမ်ရာဝန်း၌ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်အဆောက်အအုံကို ကျပ် သန်း ၅ ထောင် အသုံးပြု၍ ၂ နှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်က “လွှတ်တော်ဆိုတာ တိုင်းဒေသကြီးရဲ့ ပြယုဂ်တခု ဖြစ်တယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း သဘောတူ ခွင့်ပြုထားတယ်။ လွှတ်တော်ဆောက်ဖို့ အိမ်တွေ ဖယ်ရမယ်။ အိမ်တွေဖယ်တဲ့အခါမှာ တိုင်းဒေသကြီးအစိုးရရဲ့ ကြီးကြပ်မှုနဲ့ အိုးအိမ်ဌာနက တင်ဒါခေါ်ပြီး စနစ်တကျ ဖျက်မယ်။ ဖျက်ပြီး သုံးလို့ရတဲ့အပိုင်းတွေကို နိုင်ငံတော်ဝင်ငွေရအောင် ပြန်ရောင်းမယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လွှတ်တော်အဆောက်အအုံ သီးသန့်မရှိသည့်အတွက် ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းမှ စတင်၍ လက်ရှိအချိန်အထိ တိုင်းဒေသကြီး အစိုးရရုံး၏ ခန်းမတခုကို အသုံးပြု၍ လွှတ်တော်အစည်းအဝေးများ ကျင်းပနေကြောင်း သိရသည်။

ဧရာဝတီတိုင်းလွှတ်တော် တည်ဆောက်မည့် နေရာသည် ပုသိမ်မြို့လယ် အချက်အချာကျသည့် မိုးလေဝသဌာနအနီးရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုညွန်ချုပ်နှင့် ညွှန်ကြားရေးမှူး ၄ ဦးတို့ နေထိုင်ကြသည့် နေအိမ်ခြံဝန်းနေရာကို အသုံးပြု၍ တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်သည်။

Loading