ပြည်မြို့ ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်ရှေ့ရှိ ဗိုလ်ရှုခံအဆောက်အအုံကို ပြည် လူငယ်ရိပ်မြုံ (PyayYouth Center) အဖြစ် ငှားရမ်းအသုံးပြုခွင့်ရခဲ့ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။
“လူငယ်တွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ အလုပ်လိုချင်တဲ့သူအတွက် အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့ရယ်၊ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ဥပမာ – စက်ချုပ်တို့ ဆိုင်ကယ်ပြင်တာတို့ အဲဒီသင်တန်းတွေ၊ HR စီမံခန့်ခွဲ့မူ သင်တန်းတို့၊ ခေါင်းဆောင်မှု သင်တန်း၊ စွမ်းရည်မြှင့်တင်မှု သင်တန်းမျိုးတွေ ပေးသွားမှာပါ” ပြည် လူငယ်ရိပ်မြုံ ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစောသီဟက ဟု ပြောသည်။
ပြည် လူငယ်ရိပ်မြုံ (Pyay Youth Center) အဖြစ် အသုံးပြုခွင့်ရသည့် အဆောက်အအုံသည် စည်ပင်သာယာပိုင် အဆောက်အအုံတခုဖြစ်ပြီး ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့က လူငယ်များအသုံးပြုရန် သက်သာသောနှုန်းထားဖြင့် ငှားရမ်းပေးခြင်းဖြစ်ကြောင်း ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် သူရဦးမြင့်သူက ပြောသည်။
ပြည် လူငယ်ရိပ်မြုံအဖြစ် အသုံးပြုခွင့်ရသည့် ဗိုလ်ရှုခံအဆောက်အအုံကို ၁၉၈၀ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၁၉၉၈ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ်အထိ ပြည်စတား ဘီယာဆိုင် ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး ၂၀၁၆ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှ စတင်၍ ပြည်သူများ ပြန်လည်အသုံးပြုခွင့်ရခဲ့ခြင်း ဖြစ်သည်။