ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(National Verification Card) စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ အဖွဲ့ဝင် ၆ဦနှင့် ဖွဲ့စည်းလိုက်ကြောင်း မနေ့က နိုင်ငံ တော်သမ္မတရုံးမှ ထုတ်ပြန်သည်။
၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ် ဆောင်ရွက်ရန် လိုအပ်သည့်သူများ ကို ၁၉၉၅ ခုနှစ်က ထုတ်ပေးထားခဲ့သော ယာယီသက်သေခံ လက်မှတ် (White Card) များ ၂၀၁၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးသောကြောင့် ယင်းနေ့မတိုင်မီ အဆိုပါ ယာယီ သက်သေခံ လက်မှတ်များကို ပြန်လည်အပ်နှံစေခဲ့သည်။
ပြန်လည်အပ်နှံထားသူများကိုယ်တိုင် မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနသို့ သွား ရောက်ကာ သတ်မှတ်ပုံစံလျှောက်လွှာဖြင့် လက်မှတ်ရေးထိုး (သို့မဟုတ်) လက်ဗွေနှိပ်ပြီး နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card )ရရှိရေး လျှောက်ထား ကြောင်း၊ မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနက မှန်/မမှန် တိုက်ဆိုင် စစ်ဆေးမှုများ ဆောင်ရွက်ပြီး မှန်ကန်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card ) ထုတ်ပေးခြင်းကို မြို့နယ်အလိုက် ဆောင်ရွက်နေရာ နယ်မြေအခြေ အနေနှင့် အကန့်အသတ် အခက်အခဲများရှိနေခြင်း၊ ကိုယ်တိုင်သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ သွားရောက် ဆောင်ရွက်ရခြင်း၊ စစ်ဆေးမှုများ ရှိနေသောကြောင့် တနေရာမှတနေရာသို့ သွားလာမှု နည်းပါး နေခြင်း၊ အခြားသောဖိအားပေးမှုများ ရှိနေခြင်း စသည့် အကြောင်းများကြောင့် ယာယီသက်သေခံ လက်မှတ် (White Card) ပြန်လည်အပ်နှံသူ ၃၉၇၄၉၇ ဦးအနက် ၁၆-၁-၂၀၁၇ ရက်နေ့အထိ ၆၂၀၂ ဦး ကိုသာ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Card) ထုတ်ပေးနိုင်သည့် အခြေအနေရှိကြောင်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်တိုက်ခိုက်ခံရမှုပြီးနောက် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များ စစ်ဆင်ရေးအသွင်ဆောင်ရွက်နေချိန် လက်ရှိကာလ တွင် NVC စိစစ်ထုတ်ပေးရေး လုပ်ငန်း များကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ ပူးပေါင်းကာ အလေးထားဆောင်ရွက်ရန် လိုအပ်နေရာ NVC ကတ် စိစစ်ထုတ်ပေးခြင်း လုပ်ငန်း လျင်မြန်ပြီးမြောက် အောင် မြင်စွာ ထုတ်ပေးနိုင်ရေး နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
ယင်းအဖွဲ့တွင်
(က) ပြည်ထောင်စုဝန်ကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဥက္ကဋ္ဌ
(ခ) ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဂ) ဒုတိယဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဃ) လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်
(င) ညွှန်ကြားရေးမှူးချုပ်တဦး နိုင်ငံခြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ဒုတိယဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန အတွင်းရေးမှူး
(ဆ) ညွှန်ကြားရေးမှူးချုပ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး
တို့ပါဝင်ပြီး နယ်လှည့်ကွင်းဆင်း၍ ဆောင်ရွက်သည့်လုပ်ငန်းများ အောင်မြင်ရေးအတွက် အခြား လိုအပ်သည့်လုပ်ငန်းအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။