ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ကျွမ်းကျင် ပညာရှင်များနှင့် ပြည်သူ့အသံများ ပါဝင်သည့် နည်းပညာကော်မတီ တရပ် လိုအပ်ကြောင်း ရန်ကုန်မြို့တော် ခန်းမတွင် ယနေ့ ပြုလုပ်သည့် ရေရှည်တည်တံ့သော မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအကြောင်း ရှင်းလင်း ပြောကြားခဲ့ရာတွင် တူရင်ပညာရှင် Department Urban System Engginering မှ ပရောဖက်ဆာ Ms. Cristina က အကြံပြု ပြောကြားသည်။
အဆိုပါ စီမံကိန်းပွဲကို အီတလီနိုင်ငံ တူရင်မြို့ ဒုတိယမြို့တော်ဝန် Mr.Guido montanari ဦးဆောင်သော ပညာရှင်များနှင့် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။
Ms. Cristina မှ “အကြံပေးချင်တာက သယ်ယူပို့ဆောင်ရေးက ရှုပ်ထွေးနေတယ်။ နည်းလမ်းလိုလာပြီ။ နည်းပညာ ကော်မတီ တခုကို တည်ထောင်စေချင်တယ်” ဟု အကြံပြုသည်။
ယင်းနည်းပညာ ကော်မတီကို ကျွမ်းကျင်ပညာရှင်များ၊ ပြည်သူ့အသံများဖြင့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အာဏာပိုင် (YRTA) လက်အောက်တွင် သယ်ယူပို့ဆောင်ရေးအခြေအနေကို ထိန်းချုပ်လုပ်ကိုင် သွားနိုင်ရန်၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အလက်များ ကောက်ယူပြီး လမ်းပိတ်ခြင်းကို ကူညီဆောင်ရွက်နိုင်မည့် Application တခုလည်း လုပ်ဆောင်ရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့သည် ရှင်းလင်းပွဲ မတိုင်ခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တကြိမ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။